KIA က ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်မိသားစုများကို အရေးပေါ် ပြောင်း ရွှေ့

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ထောက်ပို့လေယာဥ်ဖြင့် ပို့ဆောင်ချိန် (ပုံအဟောင်း)

အဂမ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ထားပြီးနောက် စစ်ကောင်စီတပ်က ပူတာအိုဒေသမှ ၎င်းတို့၏မိသားစု ဝင်များကို လေယာဥ်ဖြင့် အရေးပေါ်ပြောင်းရွှေ့နေကြောင်း တော်လှန်ရေးအင်အားစုနှင့်နီးစပ်သည့် ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

မတ်လ ၈ ရက်နေ့မှစကာ ဆွမ်ပရာဘွမ်မြို့တွင် KIA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း KIA နှင့် ပြည်သူ့ကာကွယ်ရေး(KPDF)ပူးပေါင်းအဖွဲ့က မြို့ကို ထိန်းချုပ်သည်အထိ သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA တပ်မဟာ(၁)မှ အရာရှိတဦးကဆိုသည်။
“ဆွမ်ပရာဘွမ်ကို ကျနော်တို့ရပြီ၊ ထိန်းချုပ်ထားပါပြီ။ ဒါပေမယ့် သူတို့က လေယာဥ်နဲ့ လာပစ်တုန်းပဲ။

ပစ်ရတာကလည်း ဒီဒေသမှာရောက်နေတဲ့ သူတို့ရဲ့မိသားစုတွေကို ပြောင်းရွှေ့နေတာကို ကျနော်တို့လာ ပစ်မှာစိုးလို့ ဖြစ်မယ်” KIA အရာရှိက မဇ္ဈိမကိုပြောသည်။

ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် အကြိမ် ၁၀၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ပူတာအိုအခြေစိုက် ဦးဒန်ကူးတန်ဦးဆောင်သည့် ရဝမ်ဌာနေပြည်သူ့စစ်အဖွဲ့ ကလည်း ပူးပေါင်းတိုက်ခိုက်ပေးခဲ့ကြောင်း ဆိုသည်။

မြို့သိမ်းတိုက်ပွဲအပြီးတွင် မြို့ပေါ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး လက်နက်ချခဲ့ကြောင်း KIA စစ်ရေးရုံးမှ အချက်အလက်များအရ သိရသည်။

ဆွမ်ပရာဘွမ်မြို့သည် ပူတာအိုမြို့အတွက် အစိုးရယန္တရားလည်ပတ်ရာ မြို့နယ်ရုံးများဖွင့်လှစ်ထားသည့် မြို့လည်းဖြစ်သည်။

KIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပူတာအိုအခြေအစိုက် ခလရ(၄၆)ကို ဆက်လက်တိုက်ခိုက် နေသည့်အတွက် တပ်မိသားစုဝင်များနှင့် ပြည်သူ့စစ်အဖွဲ့မှမိသားစုဝင်များကို စစ်ကောင်စီလေယာဉ်ဖြင့် မန္တလေးမြို့သို့ ပြောင်းရွှေ့နေကြသည်။

ပူတာအိုမြို့သည် ကားလမ်း၊ လေကြောင်းတို့ဖြင့် အဓိကဆက်သွယ်နေသည့် မြို့ဖြစ်ပြီး ဆွမ်ပရာဘွမ်မြို့ ကို စစ်ကောင်စီက လက်လွှတ်လိုက်ရသဖြင့် ပူတာအိုနှင့် မချမ်းဘောအခြေစိုက် စစ်ကောင်စီတပ်ရင်းများ အတွက် ကုန်းလမ်းပြတ်တောက်သွားပြီ ဖြစ်သည်။

လက်ရှိတွင် KIA တပ်မဟာ(၁)နယ်မြေဖြစ်သော ပူတာအိုဒေသတွင် စစ်ရေးပြင်းထန်နေပြီး အင်ဂျန်းယန် မြို့နယ်ကိုလည်း စစ်ကောင်စီတပ်က အလုံးစုံလက်လွှတ်ထားရသည်။

စာတည်း။ ။စောဖေ