ကျောက်ဖြူတွင် ရှားပါးမျိုးစိတ်ဖြစ်သည့် ဧရာဝတီလင်းပိုင် သေဆုံး

ကျောက်ဖြူတွင် သေဆုံးနေသည့် ဧရာဝတီလင်းပိုင်းကို မတ် ၁၇ ရက်နေ့တွင် မြင်တွေ့ရစဉ်(ဓါတ်ပုံ-NSCI)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ မြစ်တခုအတွင်း ရှားပါးမျိုးစိတ်တခုဖြစ်သည့် ဧရာဝတီလင်းပိုင် တကောင် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဒေသခံထံက သိရသည်။

ယမန်နေ့ မတ်လ ၁၇ ရက်နေ့တွင် တွေ့ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးရခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆနေကြသည်။

“ဗုံးကြောင့်ဆိုတာက ဖြစ်နိုင်ချေအရှိဆုံး ယူဆချက်ပါ။ ဗုံးကြောင့်သေတာမှန်ပေမယ့် ဘယ်ဘက်ကပစ်တဲ့ ဗုံးလဲမသိလို့။ ဒါမှမဟုတ် ပြည်သူတံငါသည်တွေဘက်က ငါးဖမ်းဖို့ထောင်တဲ့ဗုံးလားလည်းမသိလို့ပါ ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

သေဆုံးရသည့် အကြောင်းအရင်းအတိအကျကိုမူမသိရသော်လည်း ဒဏ်ရာများကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားကြပြီး ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးဒဏ်များအပြင်၊ ထောင်ထားသည့် ရေမြှုပ်မိုင်းများ၊ ငါးဖမ်းပိုက်ကွန်များသည်လည်း ရေနေသတ္တဝါများအပေါ် ဆိုးရွားစွာ ထိခိုက်နေကြောင်း မြန်မာမျိုးရင်းတိရစ္ဆာန်များအကြောင်းကို ရေးသားဖော်ပြပေးနေသည့် Native Species Conservation & Identification အဖွဲ့က ပြောသည်။

“အဘက်ဘက်ကနေ လက်နက်ကြီး၊ ငယ်တွေနဲ့ တိုက်ခိုက်တဲ့အခါ သူတို့နေတဲ့ ပတ်ဝန်းကျင်ကိုကျရင်တော့ သေနိုင်ပါတယ်။ အခုဆိုရင် ရှားပါးရေနေမျိုးစိတ်တွေကို တံငါသည်တွေနဲ့ ငါးဖမ်းပိုက်ကွန်တွေကပါ ဒုက္ခပေးနေကြတယ်။ ဒီလိုအခြေအနေမျိုးတွေသာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင်တော့ ရှားပါးရေနေမျိုးစိတ်တွေ မျိုးသုန်းနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု ဆိုသည်။

ဧရာဝတီလင်းပိုင်များသည် ယခင်ကတည်းက ကျောက်ဖြူမြို့နယ်ရှိ မြစ်များတွင် ကျက်စားလေ့ရှိပြီး ဒေသခံအချို့သည် ဧရာဝတီလင်းပိုင်များကို ရှားပါးမျိုးစိတ်ဟု မသိရှိထားသဖြင့် ရှော့တိုက်ငါးဖမ်းခြင်းဖြင့် သေဆုံးရခြင်းရှိသကဲ့သို့ ရှားပါးမျိုးစိတ်မှန်း သိသော်လည်း အသားရောင်းစားရန် ဖမ်းဆီးကြခြင်းများရှိကြောင်း ယင်းဒေသခံက ပြောသည်။

လက်ရှိကာလသည် ခရီးသွားရန်နှင့် လူစုရန် အခက်အခဲရှိခြင်းများကြောင့် ယင်းရှားပါးမျိုးစိတ်များကို ထိန်းသိမ်းရန် ပညာပေးစာစောင်ဝေခြင်းနှင့် ဒေသခံအချို့ကိုသာ ဆွေးနွေးပွဲလုပ်ကာ အသိပေးခြင်းများရှိကြောင်း ဆိုသည်။

ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ခံထားရသည့် ဧရာဝတီလင်းပိုင်များသည် မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်ကြောင်းတလျှောက်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းမြောင်ဒေသ နှင့် မြိတ်ကျွန်းစု တို့တွင် ပြောင်းရွှေ့ကျက်စားလေ့ရှိပြီး မြန်မာနိုင်ငံတွင် အများစုကို မန္တလေး-ဗန်းမော်-မင်းကွန်း-ကျောက်မြောင်း တို့တွင် အများဆုံး တွေ့ရှိရလေ့ရှိကြောင်းသိရသည်။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် သုတေသနပြုကောက်ယူသည့် အချက်အလက်အရ ၇၉ ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) (Wildlife Conservation Society-Myanmar) မှ ဖော်ပြထားသည်။ ဧရာဝတီလင်းပိုင်များသည် ရေနေနို့တိုက်သတ္တဝါတမျိုးဖြစ်ပြီး မြန်မာနိုင်ငံအပြင် အခြား အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှရေပြင်များတွင်လည်း တွေ့နိုင်ကြောင်း Environment, Health and Safety Myanmar-EHS Myanmar ၏ ဖော်ပြချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး