ပုံဟောင်းဖြင့် ကနီတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သေဆုံးသည့်ပုံဟု သတင်းမှားဖြန့်

ZZ
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ကနီမြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးနေသလို အလောင်းတွေ ပုံထားတဲ့ ပုံတပုံ ပျံ့နှံ့နေပါတယ်။

တပ်ကြပ်ကြီးဖိုးစည်ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က မတ်လ ၁၅ရက်နေ့မှာ “ကနီ ပဒက်”ဆိုတဲ့ စာသားနဲ့ ပုံတစ် ပုံကို ဖြန့်ဝေခဲ့ပါတယ်။ အဲ့ဒီပုံမှာတော့ အလောင်းတွေကို စုပုံကာထားထားတဲ့ ပုံပါ။ ဒီပုံကိုတော့ ကြည့်ရှုသူ တထောင်ကျော် ရှိနေပါတယ်။

ဒီပုံကို အချက်အလက် စစ်ဆေးတဲ့အခါမှာ ၂၀၂၁ ခုနှစ်က ပုံဟောင်းဖြစ်နေတာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့မှာ ဧရာဝတီ သတင်းဌာနကနေ “ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး” ဆိုပြီး သတင်းဖော်ပြထားပါတယ်။ ဒီဖော်ပြမှုမှာ သတင်းတုမှာ ပါဝင်တဲ့ မြင်ကွင်းကိုပဲ အခြားတဖက်ကနေ ရိုက်ကူးထားတာပါ။ လင့် – https://burma.irrawaddy.com/news/2021/09/10/245890.html

X လူမှုကွန်ရက်မှာ ရစ်(Ric) ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့မှာပဲ ဂန့်ဂေါမြို့နယ်က လူငယ်တွေနဲ့ရွာသားတွေ သေဆုံးခဲ့တယ်လို့ ပုံနဲ့တကွ ရေးသားဖြန့်ဝေထားပါတယ်။ လင့် – https://shorturl.at/clDJ9

စစ်ကိုင်းတိုင်း ကနီမြို့ပေါ်မှာ ၁၀ ရက်ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အားအများအပြား ဖြည့်တင်းလာတာကြောင့် မတ်လ ၁၂ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တပ်ပြန်ဆုတ်သွားတာပါ။ ဒီတိုက်ပွဲမှာ ကာကွယ်ရေးအဖွဲ့ဝင် ၁၀ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ဒဏ်ရာရှိသေူတွေ များပြားတယ်လို့လည်း Myanmar Now သတင်းဌာနမှာ သတင်းဖော်ပြထားပါတယ်။ လင့် – https://shorturl.at/ipJZ1

ဒါ့ကြောင့် တပ်ကြပ်ကြီး ဖိုးစည်ရဲ့ ဖြန့်ဝေမှုဟာ ကနီမှာ တိုက်ပွဲဖြစ်နေတာနဲ့ အချိန်ကိုက်ပဲ ပုံဟောင်းတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အကျအဆုံး များသယောင် ဖြန့်ဝေနေတာပဲ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။