၁၁ မျဉ်းစောင်း ကိုင်ဆောင်သူများအား ခရီးသွားလာခွင့်ပိတ်

အောင်မင်္ဂလာအဝေးပြေးကားဝင်း။ (ပုံ-အဟောင်း)

ရောင်နီ

(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်မှတ်ပုံတင် ၁၁ မျဉ်းစောင်း( ၁၁/ ) ကိုင်ဆောင်ထားသူများကို ခရီးသွားလာခွင့် စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း ခရီးသွားလက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။

“ ရခိုင်မှတ်ပုံတင် ကိုင်ထားရင် ခရီးသွားလာခွင့်မပြုတော့ဘူးဆိုပြီး စစ်တပ်က ညွှန်ကြားထားတယ်လို့ ကားဂိတ်တွေက ပြောတယ်။ မှတ်ပုံတင်အမှတ် ၁၁ မျဉ်းစောင်းဆိုတာနဲ့ ဘယ်မြို့ကိုမှ သွားလို့ မရတော့တာပါ ။” ဟု ရန်ကုန်မှ စစ်တွေသို့ ပြန်ရန် ကားလက်မှတ်ဝယ်ယူခဲ့သူတဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်က ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများကို ကားဖြင့် ခရီးသွားလာခွင့် ပိတ်ပင်သည့်အပြင် ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူများကို တင်ဆောင်မောင်းနှင်ပါက “ ကိုယ့်ပြဿနာကိုယ်ရှင်း” ရန် ခရီးသည်တင်ယာဉ်လိုင်းများအား ခြိမ်းခြောက်ပြောဆိုမှု ရှိကြောင်း သိရသည်။

“စာထုတ်တာက သုံးရက်လောက်ရှိပြီ။ အစိုးရ (စစ်တပ်) ကထုတ်တာ။ မထသက ထုတ်တာမဟုတ်ဘူး။ ဂိတ်တွေကိုလည်း တင်ရဲတဲ့သူတင် စစ်ဆေးတွေ့ရှိရင် လမ်းမှာ ကိုယ့်ပြဿနာကိုယ်ရှင်းပေါ့။ အဲ့တော့ ဘယ်ဂိတ်က ရောင်းရဲမှာလဲ။ သူတို့ ထုတ်တဲ့အတိုင်း မရောင်းနဲ့ဆို မရောင်းဖို့ဘဲ ရှိတာပေါ့။” ဟု ခရီးသွားလက်မှတ် အရောင်းကိုယ်စားလှယ်တဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်သို့ ခရီးတင်ယာဉ်များ ထွက်ခွာမှု မရှိသလောက် နည်းပါးနေပြီး ခရီးသွားများအနေဖြင့် လေကြောင်းလိုင်းကိုသာ အဓိကအားထား သွားလာနေရသည်။

“ လေကြောင်းနဲ့တော့ သွားလို့ရနေသေးတယ်။ ဒါပေမယ့် အစစ်အဆေးက တော်တော်များတယ်” ဟု စစ်တွေဒေသခံတဦးကဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ရခိုင်ပြည်နယ်သို့ ခရီးသည်တင်ယာဉ်ဖြင့် ပြန်သည့် ဒေသခံများကို လမ်းပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ဖမ်းဆီးခြင်း၊ လေကြောင်းမှ ပြန်သည့် ခရီးသည်များအား လေဆိပ်တွင် ဖမ်းဆီးစစ်ဆေးခြင်းများ ရှိခဲ့သည်။

ထို့အပြင် အခြားမှတ်ပုံတင်အမှတ်ကိုင်ဆောင်သူများ ခရီးသွားပါက ရပ်ကွက် ထောက်ခံစာပါမှသာ ခရီးသွားခွင့်ပြုမည်ဟု စစ်ကောင်စီတပ်က ထပ်မံညွှန်ကြားလာကြောင်း ခရီးတင်ယာဉ်လိုင်းများထံမှ သိရသည်။

“ ခရီးသွားရင် ထောက်ခံစာတောင်းနေပါတယ်။ ရပ်ကွက်ထောက်ခံစာယူခဲ့ရမယ် မှတ်ပုံတင်ယူခဲ့ရမယ်။ အဲ့ဒါမပါရင် စီးလို့မရတော့ပါဘူး” ဟု ခရီးတင်ယာဉ်လိုင်းတခုမှတာဝန်ရှိသူ တဦးက ပြောသည်။

ရခိုင်ပြည်နယ်မှတ်ပုံတင်

ယခင်က ခရီးသည်တင်မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် မှတ်ပုံတင်မူရင်းသာ လိုအပ်သော်လည်း စစ်မှုထမ်းဥပဒေအတွက် လူစာရင်းများကောက်ယူပြီးသည့်နောက် ယခုကဲ့သို့ ရပ်ကွက်ထောက်ခံစာပါမှသာ ခရီးသွားခွင့်ပြုတော့မည်ဟု ထပ်မံအမိန့်ထုတ်ပြန်လာခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

“ စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေကို ခရီးသွားလာခွင့် ပိတ်ပင်ဖို့ ကြိုးစားတာလို့ပဲ မြင်တယ်။ အခုက လူစာရင်းမှာ မပါရင်တောင် ဒီနိုင်ငံထဲကနေထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတော့ ပြည်သူတွေကို ထပ်ပြီး ဖိနှိပ်ဖို့လုပ်တာလို့ပဲ မြင်ပါတယ်” ဟု မန္တလေးမြို့တွင် နေထိုင်သူ လူငယ်တဦးက ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အလိုက်သတ်မှတ်ထားသည့် မှတ်ပုံတင်အမှတ်များ

မြန်မာနိုင်ငံအနှံ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အထိနာနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ၎င်းတို့ အတည်ပြုပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် မြို့ ရွာအလိုက် လူစာရင်းကောက်ယူခြင်းများကို နည်းမျိုးစုံဖြင့် ဆက်တိုက်လုပ်ဆောင်နေသည်။

ထို့အပြင် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသည့်သူများ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိစေရန် ၎င်းတို့၏ မိဘဆွေမျိုးများအား အာမခံခိုင်းခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်းများလည်း ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)