ကလေးမြို့နယ်၌ ၃ လအတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၈၀ သေဆုံးဟုဆို

စစ်ကောင်စီဗုံးချမှုကြောင့် ပျက်စီးခဲ့သော ခရစ်ယာန်ဘုရားကျောင်း/ဓါတ်ပုံ – CJ

ပါခွီး – ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၊မတ်လ နှင့် ဧပြီလအတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၈၀သေဆုံးခဲ့ကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဧပြီလ ၁၁ရက် ယနေ့တွင်ထုတ်ပြန်သည်။

လူထုသပိတ်ကော်မတီက ပြုစုထားသောစာရင်းများတွင် ကလေးမြို့ပေါ်တွင် ၁၅ဦး ၊ ကလေးမြို့မြောက်ပိုင်း ၃၀ နှင့် ကလေးမြို့တောင်ပိုင်းတွင် ၃၅ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

“ဒီသုံးလအတွင်းမှာ သေဆုံးသူရဲ့ ၆၅ရာခိုင်နှုန်းက အမျိုးသမီးဖြစ်ပြီး ၊ ၁၅ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်တယ်၊ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကတော့ ကလေးတွေဖြစ်ပါတယ်။ အငယ်ဆုံးကတော့ နှစ်နှစ်အရွယ်ကလေးဖြစ်ပါတယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

သေဆုံးသူများသည် လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းဖြင့် ဗုံးကြဲခံရမှုနှင့် ဖမ်းဆီးသတ်ဖြတ်ခံရမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူများ၏ စာရင်းကို ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျန်းမာရေး အင်အားစုများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်းမှတ်တမ်းများကို ချိတ်ဆက်ပြီး မြေပြင်နှင့် အနီးကပ်ဆုံးပြုစုထားခြင်းဖြစ်သည်ဟု လူထုသပိတ် တာဝန်ရှိသူက ဆက်ပြောသည်။

ယခုကဲ့သို့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ပြီး ကမ္ဘာတဝန်းရှိ လူမှုအသိုင်းအဝိုင်းများမှ သိစေလိုသည်ဟု ဆိုသည်။

နေ့စဥ်နှင့်အမျှ အကြမ်းဖက်ခံနေမှုများအား လူကိုတန်းဖိုးထားသည့် ကမ္ဘာတဝန်းမှ လက်ပိုက်ကြည့်မနေဘဲ စစ်ကောင်စီကို လိုအပ်သည့်ပိတ်ပင်ဖြတ်တောက်မှုများကို ထိထိရောက်ရောက်ပြုလုပ်စေလိုကြောင်း သပိတ်ခေါင်းဆောင်က တောင်းဆိုသည်။

၎င်းတို့အနေဖြင့် စစ်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု လျော့ချနိုင်ရေး ပညာပေးမှုများကို လုပ်ဆောင်နေသော်လည်း အားနည်းပြီးလုံလောက်မှုမရှိသဖြင့် နည်းပညာနှင့် အခြားလိုအပ်သော အကူအညီများပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့က စစ်ရေးအရှိန်ဟုန်မြှင့်တိုက်ခိုက်တော့မည်ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြေညာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နှင့် မြို့နယ်ဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများနှင့် စစ်ကြောင်းထိုး၍ လူနေအိမ်များမီးရှို့ဖျက်ဆီးသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများအပြင် လူနေအိမ် ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦများ မီးလောင်၍ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရသိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)