မကွေးမြို့ စစစ ဦးစီးမှူး၏ ဇနီးကို ဒေသခံကာကွယ်ရေးအဖွဲ့များက ဖမ်းဆီး

ပုံအညွှန်း ။ ။အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး (ပုံဟောင်း)

ပုံအညွှန်း ။ ။အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရုံး (ပုံဟောင်း)

ကိုခင်မောင်

(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မကွေးမြို့ အထူးစုံစမ်းစစ်ဆေးရေး(စစစ)ဦးစီးမှူး ဦးရဲထွန်း၏ ဇနီးကို မတ်လ ၁၉ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ဂန့်ဂေါမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“ခုထိတော့ စကစနဲ့ပတ်သက်သူဖြစ်နေလို့ ဖမ်းဆီးထိန်းသိမ်းထားတာပဲရှိပါတယ်ဗျ။ ကျန်တာဘာမှ လုပ်မထားပါဘူး။ ကောင်းကောင်းကျွေးမွေးထားပြီး လုံခြုံတဲ့ နေရာမှာထိန်းသိမ်းထားပါတယ်။” ဟု ဂန့်ဂေါမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

ဦးရဲထွန်း၏ ဇနီးဖြစ်သူသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ခေတ္တနေထိုင်ရာ ဂန့်ဂေါမြို့မှ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ ၎င်းဇာတိရွာသို့ အလည်လာရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဂန့်ဂေါဒေသခံထံမှ သိရသည်။

“ဦးရဲထွန်းက ဂန့်ဂေါမြို့ ခလရ (၅၀) နဲ့ မြို့မရဲစခန်းကို အကူညီတောင်းပြီး ဂန့်ဂေါမြို့ ကျောတိုက်ထဲမှာ သူ့ဇနီးနဲ့ သားသမီးတွေကို ထားထားတာပါ။ သမီးအကြီးက ခုနစ်တန်း၊ သားလေးက လေးတန်းတက်နေတာ။သားသမီးတွေ စာမေးပွဲပြီးပြီးချင်း သူ့ယောက်ျားမသိအောင် ဂန့်ဂေါကနေ ရွာဖက်ကိုအလည်လာရင်း ရဲဘော်တွေကသိသွားပြီးတော့ မတ်လ ၁၉ ရက်နေ့မှာပဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်”ဟု ဂန့်ဂေါဒေသခံတဦးကပြောသည်။

မကွေးမြို့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးမှူး ရဲထွန်းသည် ယခင်က တပွင့်ဗိုလ်ရာထူးဖြင့် မုံရွာမြို့၊ နှစ်ပွင့်ဗိုလ်ရာထူးဖြင့် ပဲခူးမြို့၊ သုံးပွင့်ဗိုလ်ရာထူးဖြင့် ဘားအံမြို့တို့တွင် တာဝန်ထမ်ဆောင်ခဲ့ဖူးပြီး ယခုအခါ အထူးစုံစမ်းစစ်ဆေးရေးဦးစီးမှူး ရာထူးဖြင့် မကွေးမြို့တွင် တာဝန်ထမ်းဆောင်နေသည်ဟု ဂန့်ဂေါမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

၎င်းသည် လက်ရှိတွင် မကွေးမြို့ ‌ဆိုးကောင်းမင်းရပ်ကွက် ဝန်ထမ်းအိမ်ယာ၌ နေထိုင်နေကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ဦးရဲထွန်း၏ မိသားစုဝင်များသည် ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်တွင် ၂၀၂၃ခုနှစ် ဇူလိုင်လမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအထိ အသက် ၁၄နှစ်အရွယ် သမီးတဦး ၊ အသက် ရှစ်နှစ်အရွယ်သားတဦးနှင့်ဇနီးဖြစ်သူတို့ စုစုပေါင်းသုံးဦးသည် အတူတကွ နေထိုင်ခဲ့ပြီး သားသမီးနှစ်ဦးအား ဂန့်ဂေါမြို့ အထက (၁)တွင် ကျောင်းထားခဲ့ကြောင်း ဂန့်ဂေါဒေသခံများထံမှ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)