သင်္ဃန်းညီနောင်တွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် နေအိမ် ၅၀ ခန့်မီးလောင်

ပုံအညွှန်း- မတ်လ ၃၀ ရက်နေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့သည့်နေအိမ်အချို့

ပုံအညွှန်း- မတ်လ ၃၀ ရက်နေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့သည့်နေအိမ်အချို့

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် စစ်ကောင်စီ၏ ခလရ(၂၇၅) တပ် စခန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နေအိမ် ၅၀ ခန့် မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၃၀ ရက် ယမန်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် သင်္ဃန်းညီနောင် ဘောလုံးကွင်းအနီး၌ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက်တွင် မြဝတီအခြေစိုက် ခလရ (၂၇၅)မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မွန်းလွဲ ၂ နာရီဝန်းကျင်မှစ၍ ညပိုင်းအထိ အာရှလမ်းမကြီးဘေး၊ သင်္ဃန်းညီနောင်ရွာ မကြီး၊ ဗိုလ်ချုပ်လမ်း အရှေ့နှင့် အနောက်၊ ဘောလုံးကွင်းပတ်ဝန်းကျင်နှင့် ရွာသစ်ဘက်ရှိ နေအိမ်များ၊ ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်။

“မနေ့က နေ့လယ်ပိုင်း ဘောလုံးကွင်းဘက်မှာ တိုက်ပွဲဖြစ်တယ်။ အလုံးကြီးသံတွေ ဆက်တိုက်ပဲ။ ပြီးတာ နဲ့ မီးလောင်တာပဲ။ စုစုပေါင်း အိမ် ၅၀ လောက် ရှိမယ်” ဟု ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

“အိမ်က မီးလောင်တဲ့ထဲပါသွားပြီ။ ရွာထဲပေးမဝင်တော့ ဘာမှသယ်ချိန် မရလိုက်ဘူး။ အကုန်ပါသွားပြီ။ ပြန်စရာအိမ်တောင် မရှိတော့ဘူး။ လက်နက်ကြီးကျပြီး လောင်တယ်ပြောတာပဲ၊ ၂၇၅ က ပစ်တာတဲ့။ ညနေဘက်လောင်တာက ဗိုလ်ချုပ်အနောက်ပိုင်းတွေ၊ ညဘက်လောင်တာက ဗိုလ်ချုပ်အရှေ့ဘက်” ဟု နေအိမ် မီးလောင်ဆုံးရှုံးခဲ့ရသည့် သင်္ဃန်းညီနောင်ကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။

“အာရှလမ်းမကြီးပေါ်ပဲလောင်တာ၊ တော်တော်များတယ်။ ရွာကသေးသေးလေးဆိုတော့ အိမ်ဘယ် လောက်မှ မကျန်တော့ဘူး။ လမ်းဟိုဘက် ဒီဘက်ရော၊ လမ်းကြားတွေရော လောင်ကုန်တာ။ ရွာအလယ် ဘက်ရော၊ ဘောလုံးကွင်းဘက်ရော။ ရှေ့ရက်တုန်းကလည်း တံတားထိပ်ဘက် လောင်သေးတယ်။ ကုန် ပြီလေ အိမ်အနည်းငယ်ပဲကျန်တော့တာ” ဟု ဆိုသည်။

ယနေ့ မတ်လ ၃၁ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်တွင်လည်း သင်္ဃန်းညီနောင်ဘက်မှ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများကြားနေရပြီး မြဝတီမြို့ဘက်မှ မီးသတ်ကားအချို့ သင်္ဃန်းညီနောင်ဘက်သို့ ဆင်းလာနေကြောင်း သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

“သင်္ဃန်းညီနောင်မှာ မီးလောင်ပြန်ပြီလား မသိဘူး၊ မီးသတ်ကားတွေ ဆင်းသွားတယ်” ဟု မြဝတီမြို့ခံက ပြောသည်။

သင်္ဃန်းညီနောင်တွင် မတ်လ ၇ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်ပြီး ရဲစခန်း၊ ခမရ (၃၅၅)၊ (၃၅၆)တို့ကို KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားကာ သင်္ဃန်းညီနောင်ဗျူဟာနှင့် ခမရ (၃၅၇)တို့ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ခလရ (၂၇၅)၊ သင်္ဃန်းညီနောင် ဗျူဟာနှင့် ခမရ (၃၅၇) တို့မှ နေ့စဉ် သင်္ဃန်းညီနောင်ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်နေကြောင်း မြေပြင်သတင်းရင်း မြစ်များထံမှ သိရသည်။

စာတည်း။ ။စောဖေ