မိုင် ၁၀ ကျော်အကွာက တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်ကို ခံစစ်ပြင်

007

(မဇ္ဈိမ)။ ။ မန္တလေးတိုင်းအတွင်းက စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်မြို့ကို စစ်ကောင်စီတပ်က ခံစစ်အသင့်အနေအထားဖြင့် လုံခြုံရေးအစီအမံများ ပြုလုပ်ထားပြီး ကျေးရွာအချို့တွင်လည်း ပြည်သူ့စစ်များ စုဆောင်းနေကြောင်း မြိုခံများနှင့် တပ်တွင်းသတင်း ရင်းမြစ်များထံမှ သိရသည်။

ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်အကွာက နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းတခုကို မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ခံစစ်ပြင်လာခြင်း ဖြစ်သည်။

“တပ်မိသားစုတွေကို၊ အထဲ(တပ်တွင်း)မှာပဲ အသင့်အနေအထား Alert (သတိပေး) လုပ်ထားတယ်၊ တမြန်နေ့(ဇန်နဝါရီ ၆ ရက်)ကစပြီး အပြင်ထွက်ခွင့်မပြုတော့ဘူး၊ အပြင်လူလည်း အဝင်အထွက် မရတော့ဘူး၊ PDF တွေဝင်လာရင် ခံစစ်နဲ့တိုက်ဖို့ပြင်ဆင်နေတယ်လို့ အတွင်းသတင်းရထားတယ်” ဟု ပြင်ဦးလွင် စစ်အင်ဂျင်နီယာတက္ကသိုလ် သတင်းရင်းမြစ်တခုက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီသည် ဇန်နဝါရီလ ၆ ရက်နေ့ကစ၍ ပြင်ဦးလွင်မြို့ အဝင်အထွက်ဂိတ်များကိုလည်း လုံခြုံရေးအထူး တင်းကျပ်လိုက်ကြောင်း မြို့ခံများက ပြောသည်။

ထို့ပြင် မြို့နှင့်အနည်းငယ် အလှမ်းဝေးသည့် ကျေးရွာများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် ဦးဆောင်ကာ ပြည်သူ့စစ်များ အတင်းအဓမ္မ လိုက်လံစုဆောင်းနေကြောင်း ဒေသခံများက ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

“သပြေကျင်းရွာဘက်မှာ ရွာသား ၅၀ လောက်ပါသွားတယ်၊ ၁၀ အိမ်တယောက်နှုန်းနဲ့ အတင်းအကျပ်မဲ နှိုက်ခိုင်းပြီး မဲပေါက်တဲ့ ကံဆိုးသူကို ပြည်သူ့စစ်ထဲသွင်းတာဗျ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံတဦးက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် နေ့စဉ်နှင့်အမျှ မြို့နှင့် တပ်စခန်းများ သိမ်းယူခံနေရပြီး အင်အားပြုန်းတီးနေသည့် စစ်ကောင်စီသည် စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့ကို ခံစစ်အခိုင် အမာပြင်ဆင်လိုခြင်းကြောင့် ပြည်သူ့စစ်များ စုဆောင်းနေခြင်းဟု တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၃ ရက်နေ့က၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ၁၅ မိုင်ခန့်သာကွာဝေးသည့် သံဘိုကျေးရွာ(ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်)ရှိစစ်ကောင်စီ၏တပ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)နှင့် TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများသေဆုံးပြီး လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိသကဲ့သို့ ဒုဗိုလ်မှူးကြီးအဆင့်ရှိသည့် စစ်ကြောင်းမှူးတဦးကိုလည်း အရှင်ဖမ်းမိခဲ့သည်။

အဆိုပါစစ်စခန်းသည် စစ်ရေးအရအရေးပါသည့် စခန်းတခုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) က ပြောဆိုထားသည်။

“ရပ်ကွက်ရုံးတွေကို လက်နက်တွေပို့ထားတယ်၊ ဝက်ဝံ(ကျေးရွာ)၊ မိုးကြိုးပစ်(ပြင်ဦးလွင်-မိုးကုတ်ကားလမ်းဘေး ကျေးရွာ)လက်ကတောင်ကုန်းတွေပေါ်မှာ၊ နောက်ပြီးတော့ တောင်ပုလဘက်က တောင်ကုန်းတွေမှာ ကင်းပုန်း တွေချထားတယ်၊ မေမြို့ကို PDF တွေဝင်လာမှာ သူတို့(စစ်အုပ်စု) တအားစိုးရိမ်နေကြတယ်” ဟု အမည်မဖော်လိုသော မြို့ခံတဦးက ပြောသည်။

လက်ရှိ ပြင်ဦးလွင်မြို့က စစ်တက္ကသိုလ်အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၏ ဝင်ပေါက်၊ ထွက် ပေါက်များတွင် ပုံမှန်ထက်လုံခြုံရေးတင်းကျပ်ထားပြီး ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးတိုင်းသို့ ဝင်ပေါက်ဖြစ်သည့် ဝက်ဝံကျေးရွာအနီး Xray ဂိတ်နှင့် ပြင်ဦးလွင်မြို့အဝင်ဂိတ် (ယခင် Xray Gate မဟာအံ့ထူးကံသာဘုရားအနီး)တို့တွင်လည်း အလားတူ လုံခြုံရေးတင်းကျပ် ထားကြောင်းသိရသည်။

စာတည်း။ ။ နောင်နောင်