နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၂ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများလိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ အမိန့်ဖြင့် ယနေ့ ထုတ်ပြန်လိုက်သည်။
  • မြန်မာနိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်နှင့် အပြန်အလှန်တွေ့ဆုံဆွေးနွေးမှု အပြင် လူ့အခွင့်အရေးကောင်စီကို အထူးကိုယ်စားလှယ်၏ အစီရင်ခံစာကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်လိုက်သည်။
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း ကောလင်းခရိုင် တပ်ရင်း(၂)ထံမှ သိရသည်။
  • ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)မှ ရဲ​ဘော်များသည် တိုင်းစစ်ဌာနချုပ်အတွင်းသို့ စစ်​ကောင်စီတပ်ဖွဲ့ဝင် များအဖြစ် အသွင်ယူဝင်​ရောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် ပကဖ(အထူးတပ်ဖွဲ့)မှ တာဝန်ရှိသူ၏ပြောဆိုချက်ကို ကိုးကား၍ လူထုနွေဦး သတင်းတွင် ဖော်ပြထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • အကြမ်းဖက်စစ်တပ်က ယနေ့နံနက်ပိုင်းက ကရင်နီပြည် ၊ ဖယ်ခုံမြို့နယ် ၊ လအိကျေးရွာမှာရှိသည့် ပြည်သူ့ဆေးရုံး တစ်ခုကို စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီလူ့အခွင့်ရေးအဖွဲ့ ထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကျေးရွာတရွာမှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန် ကာကွယ်ရေးအတွက် အသိပညာပေးမှုဆိုင် လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြောင်း ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ကော်မတီထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း၊ ချောင်းဦး – မုံရွာလမ်းတွင် ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်မှ ၁၆ ဦးသေဆုံးသည်ဟု ယနေ့ မတ်၂၂ ရက်စွဲဖြင့် BRAVE HEART ARMY (BHA )က သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ် စစ်ကြောင်း က ၁၀၉၁ ရက်မြောက်နေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ မတ်လ ၂၂ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။
  • မုံရွာမြို့နယ် သက္ကယ်ကျင်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စု ၄၅၆ စုအတွက် အခြေခံစား သောက်ကုန်၊ ကုန်စိမ်းနှင့် အဝတ်အထည်များကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်နှင့် ကွန်ရက် အဖွဲ့ဝင်ဖြစ်သော မုံရွာမြေ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့က သွားရောက်လှူဒါန်းပေး ခဲ့ကြောင်းသိရှိရသည်။
  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ယမန်နေ့ မတ် ၂၁ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီး တဦးအပါအဝင် အသက်ကြီးပိုင်း စစ်ရှောင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။
  • မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့ညက စစ်မှုထမ်းစာရင်းလိုက်ကောက်ပြီး အိမ်ပြန်လာသည့် ရာအိမ်မှူးတဦး နေအိမ်အတွင်း ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
  • တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ရှိ ကျွန်းဟိုတယ်အပိတ်ခံရပြီးနောက် ကော့သောင်းမြို့တွင် လူ ၂,၀၀၀နီးပါး အလုပ်လက်မဲ့ဖြစ်သွားရသည်ဟု သိရသည်။
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ ပူးပေါင်း စစ်ကြောင်းက အမျိုးသားတစ်ဦးအားသတ်ဖြတ်ပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအား အဓမ္မလုယူသွားကြောင်း ဒေသခံများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ်အတွင်းက နွယ်မလန်းကျေးရွာအနီးမှာရှိသည့် အကြမ်းဖက် စစ်တပ်၏ တပ်စခန်းများကို KIA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့တွေက  တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
  • ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့နှင့် ပါဂျောင်ဘွမ့် (Pajau Bum)ကျေးရွာ ကြားမှာရှိသည့် နာဖော့စစ်တပ်စခန်း အပါအဝင် တပ်စခန်း ခြောက်ခုကို KIA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က မတ်လ ၂၁ ရက်နေ့တွင် အပြီးသတ် သိမ်း ပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က နှစ်ခုက မဇ္ဈိမကို အတည်ပြု ပြောသည်။
  • ချင်းပြည်နယ် ၊မင်းတပ်မြို့တွင် ယမန်နေ့(မတ်လ ၂၁ရက်)ညနေက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်ခဲ့သောကြောင့် စာသင်ကျောင်း၊ဘာသာရေးအဆောက်အအုံများ နှင့် လူနေအိမ် ၂၀၀ ခန့် ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
  • ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အထိရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကချင်လွတ်လပ်ရေး တပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
  • ကရင်ပြည်နယ်၊ KNU တပ်မဟာ နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း အမှတ် ၁၉ အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ စနိုက်ပါဖြင့် ပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော် သတင်းစဉ်က တရားဝင်သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်က အုပ်ချုပ်‌ရေး မှူးများ အားလုံးကို စစ်ကောင်စီကခေါ်ယူတွေ့ဆုံပြီး စစ်မှုထမ်းရန်အတွက် ခွဲတမ်း ၃၀၀ ဦး ပေးရမည်ဆို၍ အုပ်ချုပ်ရေးမှူးများ အခက်တွေ့နေကြောင်း ကြားသိရသည်။
  • ထိုင်း – မြန်မာနယ်စပ်ရှိ မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၄၈ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ထိုင်းစစ်တပ် နယ်စပ်သတင်းများဖော်ပြနေသည့် Military Fan Clubလူမှုကွန်ရက်စာမျက်နှာက ဖော်ပြသည်။
  • ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်မှုထမ်းရန် မဲနှိုက်ရွေးချယ်သည့် အစည်းအဝေးပြုလုပ်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးကို ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းများအရ သိရသည်။
  • မန္တလေးမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီသတင်းစာတွင် သတင်းဖော်ပြထားသည်။
  • ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ တိုင်းသူပြည်သားများ၏ သာယာဝပြော ရေးတို့အတွက် ပြည်သူဗဟိုပြုလုပ်ငန်းများကို လူထုနှင့်လက်တွဲပြီး ဆက်လက် ဆောင်ရွက်သွားမယ်ဆိုပြီးတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်သည်။
  • အလုပ်ကမ်းလှမ်းစာများတင်ပြီး အလုပ်သမားများဆီက ငွေကြေး လိမ်လည် တောင်းခံသည့် အလုပ်အကိုင်အေဂျင်စီများ ကို အရေးယူမည်ဟု အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

မတ် ၂၂ သုံးသပ်ချက်

  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံအာဏာကိုမတရားလုကာ တစ်တိုင်းပြည်လုံး ဆူပူအောင်ပြုလုပ်ပြီး နိုင်ငံရေး စီးပွားရေး ချွတ်ခြုံကျကာ ပြည်သူကိုဒုက္ခပေးနေရုံဖြင့် အားမရသည့်အပြင် စစ်ရှုံးနေသော ၎င်း၏အကြမ်းဖက်စစ်တပ်အတွက် အင်အားစုဆောင်းရန် တစ်နိုင်ငံလုံး စစ်မှုမထမ်းမနေရ ဥပဒေအသက်သွင်းကာ တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေသည်။