ကန်ပက်လက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်၍ စစ်ဘေးရှောင်များ ထိခိုက်သေဆုံး

ပုံအညွှန်း – ဗုံးဒဏ်ကြောင့် ပျက်စီးမှုများ
ဓါတ်ပုံ – CDF – Kanpetlet တပ်ရင်း(၂)

ပါခွီး
မဇ္စျိမ။ ။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် စစ်ဘေးရှောင်တဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet ၊ တပ်ရင်း(၂) က ဇွန်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်အတွင်းမှ အိမ်ခြေ ၅၆ လုံးခန့်ရှိသော ချင်းလက်မွန်ကျေးရွာကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် စစ်ကောင်စီတပ်ကလေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

“ဘာတိုက်ပွဲမှလည်းမရှိဘူးဗျ၊ ဒီအတိုင်းအကြောင်းမဲ့ စစ်ဘေးရှောင်တွေကိုဦးတည်ပြီး တိုက်ခိုက်သွား တာ” ဟု CDF – Kanpetlet တပ်ရင်း (၂) တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီလေတပ်က ပထမအကြိမ်တွင် ပေါင် ၃၀၀ ဗုံး သုံးလုံးနှင့် ဒုတိယအကြိမ်တွင် ပေါင် ၅၀၀ ဗုံး ကြဲခဲ့သဖြင့် အသက်၇၆ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးကြီးတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရသည်ဟု ဆိုသည်။

၎င်းအပြင် စာသင်ကျောင်းအပါအဝင် နေအိမ် ၂၄ လုံး ပျက်စီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း သေဆုံးခဲ့ ကြောင်း သိရသည်။

ယင်းသို့ လေကြောင်းမှဗုံးကြဲအပြီးတွင် Y – 12 လေယာဥ်တစီးထပ်မံရောက်ရှိလာပြီး ကျေးရွာကိုပတ်ပတ် လည်ဝဲ၍ အချိန်တော်ကြာကင်းထောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်နေကြအတိုင်း စစ်ဘေးရှောင်ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိဦးတည် တိုက်ခိုက်သည့်သဘောဖြစ်သောကြောင့် အထူးအထွေမပြောလိုကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်းဒွေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဧပြီလ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းမှပြန်လည်တိုက်ခိုက်လာခြင်းဖြစ် ကြောင်း သိရသည်။

စာတည်း။ ။စောဖေ