သံတွဲတွင် စစ်မှုထမ်းကိစ္စစာရင်းလိုက်ကောက်သည့်အဖွဲ့မှ ရာအိမ်မှူး အသတ်ခံရ

ပုံအညွှန်း - ဒါဝ​ကျေးရွာအား ၂၀၁၆ခုနှစ်အတွင်းက​တွေ့ရစဥ် (ဓါတ်ပုံ - သံတွဲမြို့နယ်မှ ချင်းနှင့်သက်ဆိုင်​သောပုံရိပ်များ)

001

မဇ္ဈိမ။         ။ ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏စစ်မှုထမ်းကိစ္စအတွက်  စာရင်းလိုက်ကောက်သည့်အဖွဲ့၌ပါဝင်သော  ဒါဝကျေးရွာရာအိမ်မှူးဦးဝင်းရွှေသည်  ယမန်နေ့ မတ်လ ၂၁ ရက်နေ့က သတ်ဖြတ်ခံခဲ့ရ‌ကြောင်း ဒေသခံများထံမှ သိရသည်။

အသက်၅၀နှစ်အရွယ် ဦးဝင်းရွှေသည် သံတွဲမြို့နယ်၊ရွှေလှော်ကျေးရွာအုပ်စု၊ ဒါဝကျေးရွာအနီး၌ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လည်ပင်း၌ ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခဲ့ခြင်းဟု ဒေသခံတဦးကပြောသည်။

ဦးဝင်းရွှေသည် စစ်ကောင်စီက ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန်ဟုဆိုကာ စာရင်းကောက်ခံစုဆောင်းမှုများ ဆောင်ရွက်နေခြင်းကြောင့် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သံတွဲ‌ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

“သံတွဲမှာက မဲနှိုက်ပြီးသွားပြီ။ ဒါဝမှာလည်း လိုက်‌ကောက်နေတယ်။ သူကတော့ လိုက်ကောက်တဲ့အဖွဲ့အစည်းထဲမှာပါတာပေါ့။ အုပ်ချုပ်ရေးအဖွဲ့အစည်းထဲကလူဆိုတဲ့အခါကျတော့ လိုက်တဲ့အခါမှာတော့ သူပါတာပေါ့”ဟု အဆိုပါ ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ်မြို့နယ်အများစု၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) စစ်ရေးတင်းမာနေသော်လည်း သံတွဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးကြောင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့သည် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအကောင်အထည်ဖော်ရေးတွင် ပါဝင်ဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း ဒေသခံအချို့ကပြောသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် နေပြည်တော်၊ ရန်ကုန်အပါအဝင် နိုင်ငံအတွင်း စစ်မှုထမ်းဆောင်ရမည့် လူငယ်များကို ရပ်ကွက်နှင့်ကျေးရွာများ၌ ထွေအုပ်ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ဆယ်အိမ်မှူး ၊ရာအိမ်မှူး၊ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့်ဖွဲ့စည်းထားသည့် စစ်မှုထမ်းရွေးချယ်ရေးအဖွဲ့က မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်း၊ နေရာအချို့တွင် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်‌‌နေသည်။

စစ်မှုထမ်းဦးရေခေါ်ယူမှုနှင့်ပတ်သက်ပြီး သင်တန်းအပတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် လျာထားကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

စာတည်း – အေးချမ်း