တိုက်ပွဲမရှိဘဲ မြေပုံမြို့နယ် ကို စစ်ကောင်စီ လေကြောင်းမှ ၃ ရက်ဆက် တိုက်ခိုက်

ပုံအညွှန်း-စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများ

ပုံအညွှန်း-စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများနှင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများ

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းမှ သုံးရက်ဆက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၂၂ ရက်မှစ၍ ယနေ့ မတ်လ ၂၄ ရက်အထိ သုံးရက်ဆက် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့ရှိ ပြည်သူ့ဆေးရုံကို ယနေ့ မတ်လ ၂၄ ရက် နံနက် ၄ နာရီ မိနစ် ၃၀ တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆေးရုံပျက်စီးပြီး အမျိုးသမီး တဦး ဒဏ်ရာရရှိကြောင်း သိရသည်။

“ကမ်းထောင်းကြီးမှာ ဒီနေ့ မနက်က တကြိမ် ဗုံးနှစ်လုံးနဲ့ လာပစ်ပြီးပြန်သွားတာ။ ပေါင် ၅၀၀ လို့ထင်ရတယ်။ ဘာလို့လည်းဆိုတော့ မြို့နဲ့ ရွာတွေ တော်တော် ဝေးတာတောင် ရွာ ၏တွေအထိ တော်တော်တုန်သွားတယ်။ ဆေးရုံညစောင့်ဇနီး မှန်ကွဲစထိပြီးဒဏ်ရာရသွားတယ်” ဒေသခံက မဇ္စျိမကို ပြောသည်။

ယမန်နေ့ မတ်လ ၂၃ ရက် နေ့လယ် ၁၂ နာရီ နှင့် ညနေ ၃ နာရီ တွင် မြေပုံမြို့၊ သရက်တောင်ကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့သည်။

မတ်လ ၂၂ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ် မှ ညနေ ၅ နာရီ ၄၄ မိနစ် အထိ မြေပုံမြို့ ညောင်ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။ ထိုတိုက်ခိုက်မှုကြောင့် ရွာဘုန်းကြီးကျောင်း မီးလောင်ပျက်စီးပြီး ရဟန်းအချို့ပြင်းထန်ဒဏ်ရာရကာ နေအိမ် အလုံး ၂၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

” သရက်တောင် ရွာကိုလာပစ်ပါတယ် ။ ဂျက်ဖိုက်တာက တကြိမ် မှာ နှစ်စီးစီ လာပါတယ်။ မတ်လ ၂၂ ရက်က တော့ ညောင်ကန်ရွာကို က ဂျက်ဖိုက်တာနဲ့ လာပြီး ဗုံးကြဲတိုက်ခိုက်ပါတယ်။ ကြည့်ရတာ ညောင်ကန်နဲ့ သရက်ရွာက လူနာတွေကို လာပို့ထားတယ်ထင်ပြီး ဒီနေ့ကမ်းထောင်းကြီးကို လာပစ်တာထင်တယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အပြောင်းအရွှေ့ရှိခဲ့ရာ တိုင်းမှူးအသစ်အနေဖြင့် ရက္ခိုင့်တပ်တော် (AA)တည်ရှိနိုင်သည် အထင်ဖြင့် ထိုသို့လေကြောင်းတိုက်ခိုက်နေသည်ဟု ယူဆရကြောင်း အမ်းမြို့ ဒေသခံတဦးက ပြောသည်။

အဆိုပါ ကမ်း ထောင်းကြီးနှင့် မြေပုံမြို့များရှိ ကျေးရွာ ပေါင်း ၃၀ ကျော်တွင် လျှပ်စစ်မီးမရရှိသည်မှာ တလတာကြာမြင့် နေပြီဖြစ် ကြောင်း ဒေသခံများထံသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး