လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ် Y12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ပုံအညွှန်း-လေးကေ့ကော်မြို့သစ်ကို Y12လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်။

ပုံအညွှန်း-လေးကေ့ကော်မြို့သစ်ကို Y12လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်။

သွင်ထူးဈာန်(ကော်သူလေး) ။ ။ ကရင်ပြည်နယ် ၊ မြဝတီမြို့ ၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်က ယနေ့ မတ်လ၂၄ရက် နေ့လယ် ၁၂နာရီခန့်တွင် Y12ထောက်ပို့လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့‌ကြောင်း တော်လှန်ရေးရဲဘော်များထံက သိရသည်။

လေးကေ့ကော်မြို့သစ်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ရေကန်ကုန်းနှင့် စွယ်တော်ဗျူဟာစခန်းကုန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်မည်ကို စိုးရိမ်ပြီး လေကြောင်းတိုက်ခိုက်မှုကိုပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း တော်လှန်ရေးရဲဘော်တဦးထံမှသိရသည်။

“ရင်ဆိုင်တိုက်ပွဲမဖြစ်သေးပါဘူး။ သူတို့(စစ်ကောင်စီ)စခန်းကို ဒရုန်းနဲ့ကြဲတာ စနိုင်ဘာနဲ့ပစ်တာလောက်ပဲရှိတာ။ တိုက်ပွဲမဖြစ်သေးဘူး။ သူတို့ဘက်ကလည်း လက်နက်ကြီးနဲ့ပြန်ပစ်တာရှိတယ်။ ဒါကပုံမှန်ပါပဲ။ အဲ့ဒါကို ကြောက်ပြီး လေယာဉ်နဲ့လာကြဲတာ”ဟု တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

စစ်ကောင်စီတပ်က Y12ထောက်ပို့လေယာဉ်ကိုအသုံးပြုကာ မြေပြင်သုံး မော်တာကျည်အမျိုးစား ဗုံးသီးများကို ကြဲချနေခြင်းဖြစ်သည်။

လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူကျေးရွာ၊ ရေတံခွန်နှင့် အနီးဝန်ကျင်များကို ဗုံကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေနေကို မသိရှိရသေးပေ။

“ဖလူးစခန်းကျပြီးကတည်းက လေးကေ့ကော်မြို့သစ်က ပြည်သူတွေ အကုန်ထွက်ပြေးလာရတာ။ နေလို့မရဲတော့ဘူးလေ။ စွယ်တော်ကုန်းက လက်နက်ကြီး တအားပစ်ထုတ်တာ”ဟု လေးကေ့ကော်မြို့သစ်နေ ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

လေးကေ့ကော်မြို့သစ်မှ တာဝန်ရှိသူတချို့က သတင်းဌာနများကို သတင်းမပေးရန် ပြောဆိုမှုများရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကို စိုးရိမ်ကာ လေးကေ့ကော်မြို့သစ်မှ ဒေသခံ၂၀၀ကျော် မယ်ထော်သလေး ဘုန်းကြီးကျောင်းနှင့် အနီးကျေးရွာများသို့ စစ်ဘေးရှောင်နေရကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ လေးကေ့ကော်မြို့သစ်အနီးရှိ ဖလူးမဆုတ်တမ်းခံစစ် စခန်းကုန်းကို မတ်လ ၁၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်နှင့် အနီးရှိကျေးရွာတို့ကို လက်နက်ကြီးများဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့တွင်လည်း လေးကေ့ကော်မြိုသစ်နှင့် လက်ခတ်တောင် တောင်ခြေကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

စာတည်း ။ ။ ဖူးသိမ်ကျ