တမူးတွင် စစ်ကောင်စီနှင့်ပျူစစ်ကြောင်းကိုတိုက်ခိုက်မှု ၄ဦး သေဆုံးဟုဆို

ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်) တပ်ဖွဲ့ဝင်များ/ဓါတ်ပုံ – KNA (B)

ပါခွီး

(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးစစ်ကြောင်းကို ကူကီးအမျိုးသားတပ်မတော်-မြန်မာပြည် (KNA – B) က တိုက်ခိုက်ခဲ့ရာ ပျူ‌စောထီးလေးဦးသေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

တမူးမြို့၊ မြို့မ(၁၄)ချောက်နက်ကြီးရပ်ကွက်အတွင်း ကင်းလှည့်လာသော စစ်ကောင်စီနှင့် ပျူစောထီးများကို KNA – Bတပ်ဖွဲ့ဝင်များက ယမန်နေ့မတ်လ ၂၅ရက် နေ့လယ် ၁နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“ကူကီးတပ်ဖွဲ့က စောင့်ပြီးပစ်တာ။ ပျူလေးယောက်သေသွားတယ်လို့ ကြားသိရတယ်” ဟု တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မဇ္စျိမ ကိုပြောသည်။

တမူးမြို့၊ နန်းဖာလုံရပ်ကွက်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်များကင်းလှည့်လာစဉ် KNA – Bက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုသည် မိနစ် ၃၀ကျော်ကြာခဲ့ကြောင်း၊ပျူစောထီးအဖွဲ့ဝင်လေးဦးသေဆုံးပြီး လူနာတင်ကားများဖြင့်သယ်ဆောင်သွားကြောင်း ၎င်းကဆိုသည်။

တိုက်ပွဲသတင်းနှင့်ပတ်သက်၍ KNA – Bက ထုတ်ပြန်ထားခြင်းမရှိသေး‌ပေ။ပျူစောထီး လေးဦးသေဆုံးသည်ဆိုသည့်သတင်းနှင့်ပတ်သက်၍ မဇ္စျိမအနေဖြင့် အသေးစိတ်ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ၏ အိမ်ခြံဝင်းများအတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရသည်။ အရပ်သားထိခိုက်မှုရှိမရှိကို မသိရှိရသေးပေ။

တမူးမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလမှစ၍ တိုက်ပွဲများငြိမ်သက်နေခဲ့ခြင်းဖြစ်သည်။ တမူးမြို့နယ်အတွင်းရှိ ခါမ်းပါတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစ၍ ထိန်းချုပ်ထားသည်။

KNA – Bတပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်းသိရသည်။

စာတည်း – အေးချမ်း