သတင်းအယ်ဒီတာဆိုင်ရာ ခေါင်းဆောင်မှုဆုကို မြန်မာမှ KIC အယ်ဒီတာချုပ် နန်းဖော့ဂေ ရရှိ

မဇ္ဈိမ

ကမ္ဘာ့သတင်းစာများနှင့် သတင်းထုတ်ဝေသူများအဖွဲ့ (WAN-IFRA) က ၂၀၂၄ ခုနှစ်အတွက် ပေးအပ်သည့် သတင်းအယ်ဒီတာဆိုင်ရာ ခေါင်းဆောင်မှုဆု (Women in News) ကို မြန်မာ-ထိုင်းနယ်စပ် အခြေစိုက် Karen Information Center (KIC) သတင်းဌာန၏ အယ်ဒီတာချုပ် နန်းဖော့ဂေက ရရှိခဲ့သည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ နန်းဖော့ဂေ အပါအဝင် ၂၀၂၄ ခုနှစ်အတွက် သတင်းအယ်ဒီတာဆိုင်ရာ‌ ခေါင်းဆောင်မှုဆု ရွေးချယ်ခံရသူ အမျိုးသမီးသုံးဦး၏ အမည်စာရင်းကို (WAN-IFRA) က မေလ ၁၄ ရက်နေ့တွင် ကြေညာသည်။

ယခုနှစ်အတွက် သတင်းအယ်ဒီတာဆိုင်ရာ‌ ခေါင်းဆောင်မှုဆု ရွေးချယ်ခံရသူ သုံးဦးမှာ မြန်မာနိုင်ငံမှ KIC အယ်ဒီတာချုပ် နန်းဖော့ဂေနှင့် ကျန်‌အမျိုးသမီး အယ်ဒီတာနှစ်ဦးမှာ အာဖရိကနှင့် အာရပ်ဒေသက ဖြစ်သည်။

တဆယ်နှစ်ပြည့်ထဲ ရောက်ရှိပြီဖြစ်သည့် ထိုဆုသည် သက်ဆိုင်ရာ ဒေသများ၌ ဂျာနယ်လစ်ဇင် နယ်ပယ်အတွင်း ကျားမ တန်းတူညီမျှရေးကို ရှေ့သို့ တက်လှမ်းစေရေး စိတ်နှစ်မြှုပ်ထားပြီး ၎င်းတို့၏ သတင်းခန်းများ၌ ထူးခြားသော ခေါင်းဆောင်မှုကို ပြသထားသည့် ထူးချွန်အမျိုးသမီး အယ်ဒီတာများကို အသိအမှတ်ပြုခြင်းဖြစ်ကြောင်း (WAN-IFRA) အဖွဲ့က ထုတ်ပြန်သည်။

“ဒီထူးခြားတဲ့ သတင်းခန်းခေါင်းဆောင်တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ ပြင်ပမှာအပေါင်းလက္ခဏာ ပြောင်းလဲမှုအတွက် လှုံ့ဆော်နိုင်တဲ့ အတုယူ စံနမူနာထားထိုက်သူတွေ၊အပြောင်းအလဲဖြစ်စေဖို့ အထောက်အကူတွေအဖြစ် ထမ်းဆောင်ရင်း သတင်းစာပညာဆိုင်ရာ ထူးချွန်မှုအပေါ် စံပြဖြစ်တဲ့ အတုယူထိုက်တဲ့ စူးစိုက်နှစ်မြှုပ်ထားမှု ရှိသူတွေဖြစ်ပါတယ်” ဟု WAN-IFRA ၏ စီအီးအို ဗင်ဆန့်တ် ပေရင်းန်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

“မီဒီယာလုပ်ငန်းက သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မျိုးမှာ ထူးချွန်တဲ့ ခေါင်းဆောင်မှုနဲ့ ဒဏ်ခံနိုင်မှုကို ပြသထားတဲ့ ဒီဂျာနယ်လစ်တွေကို ဂုဏ်ပြုရတာ မိမိတို့ အင်မတန် ဂုဏ်ယူမိပါတယ်” ဟုလည်း ၎င်းက ပြောသည်။

အယ်ဒီတာဆိုင်ရာ ထူးချွန်မှု၊ ကျားမ တန်းတူညီမျှမှုအပေါ် စူးစိုက်နှစ်မြှုပ်ခြင်းနှင့် နောက်မျိုးဆက် မီဒီယာခေါင်းဆောင်များကို ပံ့ပိုးခြင်းကဲ့သို့ စံများအပေါ် အခြေခံပြီး Women in News ကမ္ဘာလုံးဆိုင်ရာ လမ်းညွှန်ကော်မတီ၏ အဖွဲ့ဝင်များက ဆုရရှိသူများကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

“လူငယ် ပင်ကိုစွမ်းရည်ရှိသူတွေကို အားပေးမြှင့်တင်ဖို့ သူတို့ရဲ့ စိတ်နှစ်မြှုပ်ထားမှုနဲ့ သူတို့ရဲ့ စတိုရီပြောမှုမှာ အမျိုးမျိုးကွဲပြားတဲ့ ရှုထောင့်အမြင်တွေ ယူဆောင်တဲ့ အောင်မြင်မှုမှတ်တမ်းနဲ့အတူ မိမိတို့ရဲ့ ၂၀၂၄ ဆုရရှိသူတွေဟာ မီဒီယာတိုင်းရဲ့ ရေရှည်ရပ်တည်ခံနိုင်စွမ်းရှိမှုအတွက် အရေးပါတဲ့ အရာနှစ်ခုအနေနဲ့ သူတို့ရဲ့ ပရိသတ်အကြား ယုံကြည်မှုတည်ဆောက်ရင်း သူတို့ရဲ့ သတင်းခန်းတွေကို ပိုမို ပြည့်စုံပါဝင်ထားစေခဲ့ပါတယ်” ဟု WAN-IFRA ၏ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုနှင့် WIN ဆိုင်ရာ အမှုဆောင်ဒါရိုက်တာ မယ်လာနီး ဝေါလ်ကာက ပြောသည်။

ယခု ၂၀၂၄ ခုနှစ်အတွက် ဆုရွေးချယ်ခံရသူ သုံးဦးကို လာမည့် မေ ၂၇ မှ ၂၉ ရက်အထိ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်တွင် ကျင်းပမည့် WAN-IFRA ၏ ကမ္ဘာ့ သတင်းမီဒီယာ ကွန်ဂရက်၌ အသိအမှတ်ပြု ဆုချီးမြှင့်သွားမည် ဖြစ်သည်။

စာတည်း။ ။ နောင်နောင်