KIAစစ်ဦးချုပ်ကွယ်လွန်ခြင်းသည် ကြီးမားသည့်ဆုံးရှုံးမှုဟု CNF ထုတ်ပြန်

ဒုဗိုလ်ချုပ်ကြီး R ခေါင်လွန်း

ပါခွီး

(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းကွယ်လွန်ခြင်းသည် နွေဦးတော်လှန်ရေးဆင်နွဲနေချိန် တော်လှန်ရေးရဲဘော်ရဲဘက်များအတွက်ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)က ထုတ်ပြန်သည်။

အသက် ၆၂နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီးRခေါင်လွမ်းသည်ယမန်နေ့ (မေလ ၁၃ ရက်)တွင် ညနေတွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

CNF ၏ ယ‌မန်နေ့(မေလ ၁၃ရက်)ညက ထုတ်ပြန်ချက်တွင် ဒုဗိုလ်ချုပ်ကြီးRခေါင်လွမ်းကွယ်လွန်ခြင်းအပေါ် အထူးနှမြောတသဖြစ်ရပြီး ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ၊ နွေဦးတော်လှန်ရေးဆင်နွှဲနေသည့် ရဲဘော်ရဲဘက်များအတွက် မဟာဆုံးရှုံးမှုကြီးဟုဖော်ပြထားသည်။

ကချင်ပြည်သူများ၊ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကျန်ရစ်သူမိသားစု၊ရပ်ဆွေရပ်မျိုးများနှင့် ထပ်တူကြေကွဲရသည်ဟု ဆိုသည်။ ထို့အပြင်ဒုဗိုလ်ချုပ်ကြီးRခေါင်လွမ်းသည် ညီရင်းအစ်ကို ဆက်ဆံရေးဖြင့် ချင်းအမျိုးသားတပ်မတော်အား အကောင်းဆုံးပံ့ပိုးကူညီပေးမှုကို မှတ်ကျောက်တင်ထားသည်ဟု CNFက ထုတ်ပြန်ထားသည်။

ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်း၏ အမျိုးသားရေးတာဝန်ကျေပွန်မှု၊ တော်လှန်ရေးသစ္စာရှိမှု၊ တည် ကြည်ရိုးသားမှု၊ ရပ်တည်ချက်ခိုင်မာမှုနှင့် စစ်ရေးစစ်ရာတွင် သတ္တိပြောင်မြောက်မှု၊ ဦးဆောင်ပေးနိုင်မှုများကို ချင်းအမျိုးသားတပ်ဦးအနေဖြင့် ဂုဏ်ပြု မှတ်တပ်တင်အပ်ကြောင်း ဖော်ပြထားသည်။

ချင်းအမျိုးသားတပ်မတော် (CNA) စတင်ဖွဲ့စည်းချိန်က KIA ထံသွားရောက်၍ စစ်ပညာများသင်ယူခဲ့ပြီး ယခုထိလည်း စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း CNFထံမှ သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းသည် KIA၊ စစ်ဦးစီးချုပ်တာဝန်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အမှတ်(၁)စစ်ဒေသမှူးတာဝန်လည်း ထမ်းဆောင်နေသူဖြစ်သည်။ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်းသည်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ခဲ့သည့် တနိုင်ငံလုံး၏ ခုခံတွန်းလှန်စစ်အတွက် အထူးအရေးပါသည့်ဦးဆောင်သူဖြစ်ကြောင်းလည်း NUGက ယနေ့ညနေတွင် ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း