၄၄လမ်းဖြစ်စဉ်တွင် တိုက်ပေါ်မှခုန်ချခဲ့သူ ‌၂ဦး ထောင်တွင်းကျန်းမာရေးစိုးရိမ်ရပြီး ပြင်ပဆေးရုံ၌ ကုသခွင့်ရရေး PPNM တောင်းဆို

ဓာတ်ပုံ - PPNM

ဓာတ်ပုံ – PPNM

ရွှေနွယ်

(မဇ္ဈိမ)။ ။စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့သည့် ရန်ကုန်မြို့ ၄၄ လမ်းဖြစ်စဉ်တွင် တိုက်ပေါ်မှခုန်ချထွက်‌ပြေးခဲ့ကြသော်လည်း ဒဏ်ရာများဖြင့် ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်(ခ)ကိုဗလတို့အပါအဝင် အခြားအရေးပေါ် ဆေးကုသရန်လိုအပ်သော အကျဉ်းသားများကို ထောင်ပြင်ပဆေးရုံများ၌ အမြန်ဆုံးကုသပေးရန်မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ထုတ်ပြန် တောင်းဆိုသည်။

PPNM ၏ ဧပြီလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့နှစ်ဦးမှာ ပြင်ပဆေးရုံတွင် ဆေးကုသခွင့်မရဘဲ ထောင်အတွင်း မတရားအကျဉ်းချခံထားရကြောင်း ဖော်ပြထားသည်။

“လက်ရှိမှာ ကိုဝေယံထက်ရဲ့ ဒူးအောက်ပိုင်းခြေထောက်တွေက လှုပ်ရှားလို့မရတော့ဘူး။ ရခဲ့တဲ့ ဒဏ်ရာတွေကလည်း အတွင်းကြေပုံစံမျိုးဖြစ်ခဲ့တော့။ လက်ရှိမှာတော့ သူတို့နှစ်ဦးက ပေါင်ကိုက်တာနဲ့ ခါးနဲ့ပေါင်နဲ့အစပ်မှာလည်း မူလီတွေနဲ့အစွဲခံထားရတယ်။ အဲ့တုန်းက စစ်ဆေးရုံက အရေးပေါ်လုပ်ခဲ့တာမျိုးဆိုတော့ သပ်သပ်ရပ်ရပ်မရှိဘူးပေါ့။ အဲ့ဒဏ်ရာတွေက အရမ်းကိုက်ခဲတဲ့ဟာကို နေ့စဉ်နေ့တိုင်းမှာ သူတို့ခံစားနေရပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးကပြောသည်။

ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့သည် ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း၊ တိုက်အမှတ်(၁၆)၊ (၄)လွှာ၌ ဖောက်ခွဲရေးပစ္စည်းများသိုဝှက်သိမ်းဆည်းထားသည်ဟု သတင်းဖြင့် စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးစဉ်တွင် တိုက်ပေါ်မှ ခုန်ချထွက်‌ပြေးခဲ့ကြခြင်းဖြစ်သည်။

ကိုဝေယံထက်သည် တိုက်ပေါ်မှ ခုန်ချစဉ် ခြေထောက်အောက်ပိုင်းထိခိုက်ခဲ့သည့်အတွက် လက်ရှိတွင် အင်းစိန်အကျဉ်းထောင်အတွင်း ဘီးတပ်ကုလားထိုင်ဖြင့်နေရကြောင်း၊ခြေထောက်နှစ်ဘက်စလုံးကျိုးပြီး ကိုယ်ခန္ဓာအောက်ပိုင်း ခြေချောင်းများလှုပ်ရှားမရဘဲ ပေါင်အရိုးများလည်း ကြေမွသွားခဲ့ရသည့်အတွက် စတီးချောင်းနှင့်မူလီကြပ်ထားရသည်ဟု PPNM ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

သာယာဝတီထောင်တွင် ထိန်းသိမ်းခံထားရသည့် ကိုမင်းသစ္စာမောင်မှာမူ ခြေထောက်နှင့် ခါးတဝိုက်ရရှိခဲ့သည့် ဒဏ်ရာများမှာ ယခုထိသက်သာခြင်းမရှိသေးဘဲ ကိုက်ခဲဝေဒနာ နေ့စဉ်ခံစားနေရဆဲဖြစ်ကြောင်း ဦးသိုက်ထွန်းဦးကပြောသည်။

အကျဉ်းထောင်လက်စွဲဥပဒေအရ ထောင်အတွင်း အရေးကြီးလူနာ၊ အရေးပေါ်လူနာများအား ထောင်ပြင်ပဆေးရုံတွင် တရားဝင်ဆေးကုသခွင့်ပေးရမည်ဟု ပြဌာန်းထားသော်လည်း စစ်ကောင်စီက ယင်းဥပဒေကို ပြောင်‌ပြောင်တင်းတင်းချိုးဖောက်နေကြောင်း ဦးသိုက်ထွန်းဦးက ပြောသည်။ ထို့အပြင် အကျဉ်းသားများ ထောင်တွင်းအခွင့်အရေးချို့ဖောက်ခံနေရမှုများအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ( ICRC )သို့ တင်ပြထားသည်ဟု ဆိုသည်။

” ICRC အနေနဲ့ အကျဉ်းထောင်ထဲက ဒီအကျဉ်းသားနှစ်ယောက်နဲ့ပတ်သက်လို့ ပြင်ပဆေးရုံတွေမှာ လုံလောက်တဲ့ဆေးကုသခွင့်ရရှိရေး စစ်ကောင်စီကို တောင်းဆိုပေးဖို့ ကြိုးစားပေးဖို့ ကျွန်တော်တို့အနေနဲ့ပန်ကြားလိုပါတယ်”ဟု ဦးသိုက်ထွန်းဦးက ပြောသည်။

ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်တို့သည် ၂၀၂၁ ခုနှစ်၊ဩဂုတ်လ ၁၀ ရက်နေ့က ဖမ်းဆီးခံရပြီး ပေါက်ကွဲစေတတ်သော အရာဝတ္တုများ အက်ဥပဒေပါ ပုဒ်မ ၃ (ဖောက်ခွဲမှု)၊ ပုဒ်မ ၆ (အားပေးကူညီမှု)၊ ပုဒ်မ ၅ (လက်ဝယ်တွေ့ရှိမှု) တို့ဖြင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အရှေ့ပိုင်းခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခံခဲ့ရသည်။၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ကိုရဲမင်းဦးမှာလည်း သာယာဝတီထောင်အတွင်း၌ အလားတူပုဒ်မများဖြင့် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရကြောင်း သိရသည်။ ကိုရဲမင်းဦးမှာမူ တိုက်ပေါ်မှ ခုန်ချစဉ် ရရှိခဲ့သည့်ဒဏ်ရာ‌ကြောင့်ခြေတဖက်နိမ့်သွားကြောင်း သိရသည်။၄၄ လမ်းဖြစ်စဉ်အတွင်း တိုက်ပေါ်မှ ခုန်ချခဲ့သည့် လူငယ်ငါးဦးအနက် မဝေဝေမြင့် (ခ) မပန်းသီးနှင့် ကိုဝေဇော်ဖြိုးတို့ ကွယ်လွန်ခဲ့သည်။

စာတည်း – အေးချမ်း