တရုတ်ကို အိမ်နီးချင်းကောင်းဟု ယူဆသူ နည်းပါးပြီး မြန်မာပြည်တွင်းရေးကို ဝင်စွက်ဖက်နေကြောင်း အများစုရှုမြင်ဟု စစ်တမ်းတ​စောင်တွင်​ဖော်ပြ

Photo - စစ်​ကောင်စီ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်နှင့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန၊ အာရှ​ရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတို့ ဧပြီလ ၁ ရက်​နေ့က ​နေပြည်​တော်တွင် ​တွေ့ဆုံကြစဥ်

Photo – စစ်​ကောင်စီ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီး မင်း​အောင်လှိုင်နှင့် တရုတ်နိုင်ငံခြား​ရေးဝန်ကြီးဌာန၊ အာရှ​ရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းတို့ ဧပြီလ ၁ ရက်​နေ့က ​နေပြည်​တော်တွင် ​တွေ့ဆုံကြစဥ်

001

(မဇ္ဈိမ)။ ။ တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းအဖြစ် ယူဆသူနည်းပါးပြီး မြန်မာပြည်တွင်းရေးကို ဝင်စွက်ဖက်နေကြောင်း အများစုက ရှု့မြင်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်သည့် စစ်တမ်းတစောင်တွင် ဖော်ပြသည်။

ISP Myanmar ၏ တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မြန်မာ့မူဝါဒအသိုက်အဝန်းခြောက်ခုမှ လူပုဂ္ဂိုလ် ၂၅၀ ဦးကို မေးခွန်း ၁၀၀ မေးမြန်းပြီး ကောက်ယူထားကြောင်း သိရသည်။

အဆိုပါ စစ်တမ်းအရ ၅၄ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းဟု မမြင်ခဲ့ကြောင်းနှင့် အိမ်နီးချင်းကောင်းဟု ယူဆသူ ၄၂ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ဖြေဆိုသူများအနက် ၁၁ ရာခိုင်နှုန်းက လုံးဝမကောင်းဟု ယူဆခဲ့ကြပြီး ၄၃ ရာခိုင်နှုန်းက မကောင်းဟု သဘောထားပေးခဲ့ကြောင်း တွေ့ရသည်။

မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံအနေဖြင့် “ပြည်တွင်းဝင်မစွက်ဖက်မူဝါဒ”ကို ကျင့်သုံးနေသည်ဟု မထင်ကြောင်း ဖြေဆိုသူ ၇၃ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၄ ရာခိုင်နှုန်းကမူ ကျင့်သုံးနေသည်ဟု ယူဆခဲ့ကြောင်း ISP Myanmar ကထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာနိုင်ငံကို အာဏာရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံက မြင်လိုကြောင်း ​ဖြေဆိုသူ ၆၀ ရာခိုင်နှုန်းက ယူဆထား​ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် အာဏာရှိသူ မည်သူနှင့်မဆို ပြေလည်လိုကြောင်း ရှုမြင်သူ ၈၂ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် သုံးရာခိုင်နှုန်း ပိုများလာကြောင်းလည်း ISP Myanmar ကပြောထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ EAOs များအပေါ် တရုတ်နိုင်ငံက လွှမ်းမိုးမှုရှိကြောင်း ၉၂ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပြီး ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းတပ်များဆင်နွှဲသည့် စစ်ဆင်ရေး ၁၀၂၇ ကြောင့် တရုတ်နိုင်ငံအပေါ် သဘောထားအပြောင်းအလဲမရှိကြောင်း ​ဖြေဆိုသူအများစုက ဆိုခဲ့​ကြောင်း သိရသည်။

သို့​သော် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ လွှမ်းမိုးမှုနှင့် အကြီးမားဆုံးစီးပွားဖက်ဖြစ်နေခြင်းအပေါ် စိုးရိမ်မှုများကြပြီး အာဏာသိမ်းမှုအလွန် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံရေးနှင့် သံတမန်ရေးကိစ္စများမှသည် နည်းပညာ၊ လုံခြုံရေးကဏ္ဍအထိ တရုတ်နိုင်ငံကို ပိုမှီခိုလာရကြောင်းလည်း ယူဆကြသည်ဟု ISP Myanmar ကဆိုထားသည်။

စစ်တမ်းအားဖြေဆိုခဲ့ကြသူများတွင် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၊ တရုတ်နိုင်ငံအရေးနှင့် ပတ်သက်ပြီး တတ်သိပညာရှင်များ၊ လှုပ်ရှားတက်ကြွသူများနှင့် ထင်ရှားသည့်ပုဂ္ဂိုလ်များပါဝင်ကာ တိုင်းရင်းသားလက်နက်ကိုင်များ (EAOs)နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရှိရာ ဒေသများတွင် အခြေစိုက်လှုပ်ရှားသည့် နွေဦးတော်လှန်ရေးတွင် အသစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ၏ အမြင်များကိုလည်း ထည့်သွင်းထားကြောင်း သိရသည်။

စစ်တမ်း​ကောက်ယူခဲ့ရာတွင် တရုတ်နိုင်ငံ၏ ​ဒေသတွင်း​ပေါင်းစည်း​ရေး အစီအမံများကို မသိသူများ​နေ​ကြောင်းလည်း အစီရင်ခံစာတွင် ​​ဖော်ပြထားသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကာလအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကို အကောင်အထည်ဖော်မည်ဆိုပါက သဘောမတူကြောင်း ၇၁ ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်ကို​ တွေ့ရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အုပ်ချုပ်ရေး ၊ စီးပွားရေးဖွံ့ဖြိုးမှုပုံစံနှင့် တရုတ်နည်းတရုတ်ဟန်ဒီမိုကရေစီတို့ကို အတုယူစရာမဟုတ်ဟု ရှုမြင်ချက်များ အားကောင်းနေဆဲဖြစ်ပြီး ထိုသို့သော အမြင်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အများဆုံးတွေ့ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။