မုံရွာတွင် ကင်းစောင်ရန်လာသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

မဟူရာတပ်ဖွဲ့

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နန္ဒဝင်ရပ်ကွက်၊ ဗိုလ်တေဇလမ်းတွင် ကင်းစောင့်ရန်လာသည့်ကားတစီး တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း မဟူရာတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက် ည ၈ နာရီကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာနှစ်ခုကြားတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မဟူရာတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

“တိုက်ခိုက်မှုလုပ်ဖို့ တပတ်လောက် အချိန်ယူပြင်ဆင်ခဲ့ရတယ်။ မြို့ထဲမှာဖြစ်ပြီး ရန်သူတပ်စွဲရာ နေရာနှစ် ခုကြားဆိုတော့ ဝင်လမ်းဆုတ်လမ်းကအစ သေချာထောက်လှမ်းပြီးမှ လုပ်ဆောင်ခဲ့ရတာ” ဟု မဟူရာ တပ်ဖွဲ့မှ ကိုမော်စီက ဆိုသည်။

စစ်ကောင်စီတပ်သားများစီနင်းလာသည့် အိမ်စီးကားဖြစ်ပြီး ၁၀ ဦးခန့်ပါရှိကာ ဗိုလ်မှူးအဆင့်ရှိသူ၏ နေအိမ်သို့ ကင်းစောင့်ရန်ထွက်ခွာလာသည့်ကားဖြစ်ကြောင်း မဟူရာတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

“အရှိန်နဲ့ မောင်းလာတဲ့ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုကြာချိန်က တမိနစ်လောက်သာ ရှိပါတယ်။ ကားက နေရာတင်ချက်ခြင်းရပ်မသွားဘူး၊ မီတာ ၂၀၀ လောက်အကွာမှာ ရပ်သွားတယ်။ ရန်သူ တပ်စွဲရာနေရာတွေအနီးမှာမို့ ပြန်ဆုတ်ခွာခဲ့တယ်”ဟု တိုက်ခိုက်မှုတွင်ပါဝင်ခဲ့သည့် မဟူရာတပ်ဖွဲ့ဝင် တဦးက ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားငါးဦးခန့်သေဆုံးခဲ့ကြောင်း မဟူရာတပ်ဖွဲ့ကဆိုပြီး မဇ္စျိမအနေ ဖြင့် ထိခိုက်သေဆုံးမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယခုတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၅)တပ်ရင်း (မဟူရာတပ်ခွဲ)၊ ချင်းတွင်းနွေဦးတော်လှန်ရေးအင်အား စု၊ CSRAF နှင့် Monywa Fire Group တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က နန္ဒာဝန်ရပ်ကွက်နှင့် စက်မှုဇုန်တို့ကို အင်အားတိုးချဲ့ ကာ ပတ်ကင်းများလှည့်ပတ်ခဲ့ကြောင်း မုံရွာမြို့ခံများကပြောသည်။

ယခုကဲ့သို့တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် မဟူရာတပ်ဖွဲ့ကလုပ်ဆောင်နေသည့် အနောက် မြောက်လွင်ပြင် နွေဦးစစ်ဆင်ရေးကမ်ပိန်းကို မိဘပြည်သူများပါဝင်အားဖြည့်ပေးရန် မဟူရာတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

စာတည်း။ ။စောဖေ