နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၂ ဧပြီ ၂၀၂၄)

ပုံအညွှန်း- ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသည့် မြဝတီဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသည့် မြဝတီဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

အမျိုးသားညီညွတ်ရေး အစိုးရ

  • ကရင်နီ(ကယား) ပြည်နယ်၊ လွိုင်ကော်မြို့နယ် အနောက်ဘက်ရှိကုန်းသာကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ဂျက်လေယာဉ်ဖြင့်ပေါင်(၃၀၀)ဗုံးများ အသုံးပြု ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် (၂) ဦး အပါအဝင် မိသားစု (၆) ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
  • မြန်မာ့ စစ်ရှောင်အရေး အကူညီပေးရေး ထိုင်းအစိုးရနှင့် အတူ လက်တွဲဆောင်ရွက်ရန် အသင့် ရှိနေသည်ဟု အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်တွင် အသိပေး ထုတ်ပြန်လိုက်သည်။
  • စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ခါမ်းပါတ်မြို့ နှင့် ကလေးမြို့နယ် စော်ဘွား ရေရှင်ရွာကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ရာ ဒေသခံသုံးဦး သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူ နှင့် ဒေသခံများထံမှသိရသည်။
  • ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်၏ သံချပ်ကာကား၊ လက် နက် တပ်ဆင်ထားသော စစ်ကားတချို့ကို ဒေါနတောင်ခြေတွင် ဖျက်ဆီးသိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် နှင့် နောင်ချိုမြို့နယ်တွင် ဧပြီ ၂၁ ရက်က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီး ကျောင်းများသို့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်း ထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၂ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၂ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း သပိတ်အင်အားစုက ကျဆုံးသွားသည့် ရဲဘော် အောင်ဇေ  ၁ နှစ် ၆ လ ပြည့်နေ့ အဖြစ် စစ်အာဏာရှင်တော်လှန်ရေးချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တံဇူးရွာအနီးတွင် ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ရုပ်အလောင်း ရှစ်လောင်း ရရှိထားကြောင်း ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက သတင်း ထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း နှင့် ချင်းပြည်နယ် အ တွင်းရှိ ကျေးရွာများကို ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက စစ်တပ် နှင့် ပျူစောထီးများက မီးရှို့ပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေ သ ဖြင့် ပြည်သူတချို့ ထိခိုက်မှုများ ရှိနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာ ပျူစောထီးစခန်းကို ဧပြီ ၁၈ ရက်၊ မွန်းလွဲပိုင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး အထူးတပ်ဖွဲ့ – MSPDF တပ်ဖွဲ့ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက် အဖွဲ့ဝင်ဖြစ်သော တန့်ဆည်မြို့နယ် အခြေစိုက်  People For People Foundation အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်း သိရသည်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာရှိ လူနေအိမ်များကို ယမန်နေ့ ဧပြီလ ၂၁ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
  • မန္တလေးတိုင်း၊ တံတားဦးလေတပ် လုံခြုံရေး ကင်းလှည့်နေသည့် စစ်‌ကောင်စီ ကားကို ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးသွားကြောင်း Kyaukse Revolution Army (KRA) တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်ကောင်စီတပ် နှင့် ပျုစောထီးစခန်းကို ဧပြီ ၂၀ ရက်၊ နံနက် ၅ နာရီခန့်က PDF များ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်များပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း နိုင်ခဲ့ ကြောင်း PDFများနှင့် နီးစပ်သူများက ပြောသည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးလေတပ်ဌာနချုပ်နှင့် လမ်းတဘက်သာခြားသည့် မော်ဖောင်ကျေးရွာနေ ဘာသာရေးဆရာ သုံးဦးအပါအဝင် လူငါးဦးကို လေတပ်လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၀ ရက် ညပိုင်းက ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင် လျှော့ရက်ခံစားခွင့်  မပေးသဖြင့် ထောင်တွင်း ဆန္ဒပြ သည်ကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှ  နိုင်ငံရေး အကျဉ်းသားဖြစ်သည့် ကိုအောင်နိုင်ထွန်း နှင့် ကိုကျော်စိုးဝင်းတို့ ၂ ဦး အပါအဝင် အကျဉ်းသား ၄ ဦး သေဆုံးခဲ့ပြီး သေဆုံးသူ များကို ယမန်နေ့ သဂြိုဟ် ပြီးစီးပြီဖြစ်ကြောင်း အကျဉ်းထောင် သတင်းရင်းမြစ်ထံမှ သိရသည်။
  • ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အကျဥ်းဦးစီး ဝန်ထမ်း၊ စစ်သား၊ ရဲ များ၏ ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် ကျဆုံးခဲ့သည့် နိုင်ကျဉ်း ၂ ဦးကို ဦးညွှတ် အလေးပြုသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကွန်ရက်အဖွဲ့ (PPNM) က ထုတ်ပြန် အသိပေးခဲ့သည်။
  • ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ခလရ ၁၉ ကို အပြီးသိမ်းပိုက်လိုက်ပြီး PDF အလံလွင့်ထူထားသည့် ဗီဒီယိုဖိုင်တစ်ခု ယနေ့ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းမှ သံချပ်ကာ ယာဉ်‌နောက် တစ်စီးအား ယမန်နေ့ ဧပြီ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် ထပ်မံပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ကြီးစောကော်က ပြောသည်။
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာသော အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဧပြီ ၂၀ ရက်က ဓာတုအဆိပ်ဗုံး ကျဲချပြီး စစ်ကြောင်းထိုးလာသဖြင့်  တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ မူးဝေ၊ အော့န်ပြီး မြို့၏ တချို့နေရာများမှ ယာယီဆုတ်ခွာရကြောင်း  ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဆယ်ဇင်း စစ်စခန်းကို KIA ပူးပေါင်း တပ်များက ဧပြီ ၂၀ ရက် နှင့် ၂၁ ရက်တို့တွင် အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားခိုက် ကျေးရွာရှိ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ် PNLO ဒုတိယဥက္ကဋ္ဌ ၂ စစ်ဦးစီးချုပ်၏ မိသားစုပိုင် နေအိမ်နှင့်ဒေသခံပြည်သူ နေအိမ် ၆ လုံးကို အကြမ်းဖက် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့ စစ်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း PNLA သတင်း နှင့် ပြန်ကြားရေးဌာန ထံမှ သိရသည်။
  • စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ချက်ကြောင့် တုန်လှုပ်နေသော ပြည်သူများကို နှစ်သိမ့်မှု ပေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တပ် မတော်(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွဲ့ထိန်းချုပ်လှုပ်ရှားနယ်မြေများသို့ သွားရောက်ခဲ့ကြောင်း RCSSက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ

  • မွန်ပြည်နယ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားခဲ့သော ဒု စစ်ခေါင်းဆောင် စိုးဝင်းသည် ဒဏ်ရာမှ ပြန်လည်သက်သာသည့်အတွက်  စစ်ကောင်စီ အစည်းအဝေးများ နှင့် ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင်ကာ ပြန်လည် လူလုံးပြတော့မည်ဖြစ် ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်းလိုက်ကြောင်း ကျန်းမာရေးအသိုင်း အဝိုင်းကနေ သိရသည်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ အမှတ် ၂ တံတားဝန်းကျင်ကို ယနေ့ ဧပြီ ၂၂ ရက်၊ နံနက်အစောပိုင်းက စစ်တပ်က တိုက် လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကျဲမှုများကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများ နှင့် စစ်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်နယ်ဝန်ကြီးများ လိုက်ပါသော VIP ယာဉ်တန်း ဧပြီ ၁၂ ရက်က မိုင်းဆွဲခံရ၍ ဝန်ကြီးတချို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်ပြီး လုံခြုံရေးအတွက်  စျေးဆိုင်များ ပိတ်ရန်နှင့် လူ ၅ ဦးထက် ပိုလူမစုရန် ယနေ့ အမိန့်ထုတ်လိုက်ကြောင်း သိရသည်။
  • မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ကနေ ဖြတ်သန်းသွားလာခွင့်ကို ဧပြီ ၂၁ ရက်ကစပြီး ယာယီရပ်ဆိုင်းထားသည်ဟု စစ်ကောင်စီ လက်အောက်ခံ ကရင်ပြည်နယ် စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ပြောသည်။
  • ထိုင်းနိုင်ငံကို လက်ရှိအချိန်ထိ မြန်မာ အလုပ်သမားဦးရေ ၂ ဒသမ ၈ သန်းအထိ စေလွှတ် ထားပြီး ဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက သိရသည်။
  • ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်စည်းကြပ်ရန် သတ်မှတ် မြေဈေးနှုန်းများကို စစ်ကောင်စီ လက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။
  • ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပျားရည် မက်ထရစ်တန် (၂၂၀၀) ကျော် တင်ပို့ နိုင်ခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှု ဖွံ့ဖြိုးရေး ဌာနခွဲ (နေပြည်တော်) မှ သိရသည်။
  • မြန်မာ့ပုလဲကို နှစ်စဉ်လျာထားချက်ထက် ကျော်လွန်၍ ထုတ်လုပ်လျက်ရှိကြောင်း  စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းချရေးဌာနမှ သိရသည်။

ဧပြီ ၂၂ ရက် သုံးသပ်ချက်

  • စစ်ကောင်စီတပ်သည် ၎င်းတို့အတွက်အရေးပါသည့် မြဝတီမြို့ကို လက်မလွှတ်ရရေးအတွက် သံတမန်ရေး၊စစ်ရေး အပါအဝင်  နည်းလမ်းမျိုးစုံ ထုတ်သုံးလာသည်ကို တွေ့ရသည်။