အရာတော်မှ စစ်လေ့ကျင့်ရေးတပ်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ယာကို ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်

စစ်အခြေခံလေ့ကျင့်ရေးတပ်အမှတ်(၁၀)အားတိုက်ခိုက်ရန် ဒရုန်းလွှတ်တင်စဥ်/ဓါတ်ပုံ – Ayadaw Rocket LPDF

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ်အမှတ်(၁၀) နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ယာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Ayadaw Rocket LPDF ထံမှသိရသည်။

ယမန်နေ့ဧပြီလ ၃ရက် နံနက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အခြေခံလေ့ကျင့်ရေးတပ်အမှတ်(၁၀)ဝင်းအတွင်းကို ၆၀မမ ဗုံးသီးနှစ်လုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ယာကို ၁၂၀မမ လက်လုပ်ဗုံးသီးတလုံးအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Ayadaw Rocket LPDF တာဝန်ခံက မဇ္စျိမ ကိုပြောသည်။

စစ်အခြေခံလေ့ကျင့်ရေးတပ်အမှတ်(၁၀)ဝင်းထဲတွင် လက်နက်ကြီးများတပ်ဆင်ထားပြီး အရပ်သားနေထိုင်ရာကျေးရွာများကို မကြာခဏပစ်ခတ်နေ၍ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။ ထိုတိုက်ခိုက်မှု၌ ထိခိုက်မှုအခြေအနေကို မသိရှိရသေးသော်လည်းမြို့နယ်ရဲတပ်ဖွဲ့မှူးအိမ်ရာအားတိုက်ခိုက်မှုတွင် ကားတစီးပျက်ဆီးသွားသည်ဟုဆိုသည်။

Ayadaw Rocket LPDF နှင့် BGS Ayadaw Drone Force ၊ အရာတော်မြို့နယ် (ပကဖ) တိုက်နယ် ၄/၁၁ နှင့် မိုင်းမင်းသားမြေအောက်ပြောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့အပြင် Ayadaw Rocket LPDFအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့များသည် ယမန်နေ့ညနက်ပိုင်းတွင် ရွှေဘိုမြို့နယ်၊ ပန်းရံနှင့် မင်္ဂလာကျေးရွာရှိ ပျူစောထီးကင်းစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း – အေးချမ်း