စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းရန် လှုံ့ဆော်စာများ ဖြန့်ဝေ

ဓါတ်ပုံ-ပေးပို့

ဓါတ်ပုံ-ပေးပို့

ဂျူချန်း

(မဇ္ဈိမ)။ ။ ရန်ကုန်မြို့နှင့် မန္တလေးမြို့ လူစည်ကားရာနေရာအချို့တွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းစုဆောင်းခံရသူများအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ရန် လှုံ့ဆော်သည့်စာများကို ယနေ့(မေ ၁၉ ရက်နေ့)တွင် ဖြန့်ဝေခဲ့ကြကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။

“အခု လူငယ်တွေက စစ်ကောင်စီလက်ထဲက ရေဖြစ်နေတာ၊ ဒါတွေကိုဖြန့်ဝေပြီး အသိပညာပေးခြင်းအားဖြင့် လက်ခုပ်ထဲက ဖန်ကွဲစတွေဖြစ်လာစေချင်တာပါ” ဟု ပြည်သူ့ရင်ခွင်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းရန် လှုံ့ဆော်သည့် ပိုစတာစာရွက် ၂,၇၀၀ ကျော်ကို ပြည်သူများထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ ယပ်တောင်၊ ထမင်းဘူး၊ ရေသန့်ဘူးများတွင် ကပ်၍သော်လည်းကောင်း ဝေငှခဲ့ကြပြီး၊ လူစည်ကားရာ Shopping Mall များ၊ လက်ဖက်ရည်ဆိုင်များ၊ ဓာတ်တိုင် နှင့် YBS များပေါ်တွင် ကပ်ထားခြင်းနှင့် ဖြန့်ကြဲထားခြင်း စသည့်နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဝေခဲ့ကြကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။

ထိုကဲ့သို့ လှုံ့ဆော်ချက်ကို ရန်ကုန်တွင် စမ်းချောင်း၊ လှိုင်၊ မရမ်းကုန်း၊ တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာ၊ ကန်တော်ကြီးနှင့် မန္တလေးမြို့ ကားကြီးဝင်း စသည့်လူစည်ကားရာ ဈေး၊ ကားမှတ်တိုင် စသည့်နေရာများတွင် လက်ကမ်းစာစောင်များကို ဝေငှခြင်း၊ လူမြင်သာစေမည့် ဓာတ်တိုင်များတွင် ကပ်ထားခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းစုဆောင်းခံရသဖြင့် စစ်ကောင်စီလက်အောက်သို့ ဝင်ရောက်သွားရမည့် လူငယ်များအနေဖြင့် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းနိုင်စေရေး၊ တပ်တွင်းသတင်းပေးဖြစ်လာစေရေး၊ စစ်ကောင်စီအဆောက်အအုံများအား ဖျက်ဆီးနိုင်ရေး၊ စစ်ကောင်စီအရာရှိများအား တိုက်ခိုက်နိုင်ရေးနှင့် စစ်ကောင်စီ၏ ရက်စက်မှုများကို လုံးဝ မမေ့ပျောက်သွားစေရေး အသိပညာပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း လှုပ်ရှားမှုဦးဆောင်သည့်အဖွဲ့က ပြောသည်။

လှုံ့ဆော်သည့် စာရွက်များ ဖြန့်ဝေခြင်းလှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ လူ့ဘောင်သစ်လူငယ်၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ ကြည့်မြင်တိုင် Networks (KMD 18)၊ မရမ်းကုန်း Democratic Front (MDF)၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း)၊ Owl Community တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)