နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက် စစ်တပ်က အဓမ္မ လူသစ်စုဆောင်းမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရသည့် တက္ကသိုလ်ကျောင်းသား ၁ ဦးသည် လက်နက်များ ယူဆောင်လာပြီး ကောလင်း PDF ထံ အလင်းဝင်လာကြောင်း စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ယနေ့ နံနက် အစောပိုင်းက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့နယ်ကျေးရွာတွေမှာ အကြမ်းဖက်စစ်တပ်၏ ခမရ (၃၆၉/၃၇၀) နှင့်  ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ကျော်ရှိသည့် ရန်သူတပ်စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်းအမှတ်(၁)စစ်ဒေသ စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
  • အမေရိကန်ပြည်ထောင်စု ၊ အိုင်အိုဝါပြည်နယ်မှာ ဧပြီ ၆ ရက်က ပြုလုပ်သည့် (၂၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဌနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှ ရသာနှင့်ဖရင်းရွာကို စစ်ကောင်စီက ဝင်ရောက်စစ်ကြောင်းထိုးပြီး ဒေသခံအမျိုးသားသုံးဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ကာ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများကပြောသည်။
  • ၂၀၂၁ ခုနှစ်တွင် အာဏာလုယူခဲ့သော မြန်မာစစ်အုပ်စုသည် အင်အားလျော့နည်းနေပြီဖြစ်သော ကြောင့် ယခုအချိန်သည် မြန်မာနှင့် တွေ့ဆုံဆွေးနွေးရန် အချိန်ကောင်းဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထာဝီဆင်းက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချရာ ကလေးတစ်ဦး အပါအဝင် ပြည်သူခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
  • စစ်ကိုင်းတိုင်း ၊ကနီမြို့နယ်ရှိ စစ်ရှောင် ၁၅၀ ဦးအတွက် ကြာဇံကြော်၊ အအေး ၊ မုန့် ၊ မားမား ခေါက်ဆွဲထုတ်များကို ပြည်တွင်း ပြည်ပ အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ကြောင်းသိရသည်။
  • စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များတွင် စစ်ဘေးရှောင် ပြည်သူများကို ‘ပြည်သူမှ ပြည်သူသို့’ အဖွဲ့ က ဆန်နှင့် ဆီများသွားရောက်လှူဒါန်းပြီး ဟင်းသီးဟင်းရွက်များကို စစ်ရှောင်စခန်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ်စစ် ကြောင်းနှင် ပြည်သူ့အားမာန်သပိတ်စစ်ကြောင်း ပူးပေါင်းကာ ကျောင်းသားပြည်သူ လူထုနှင့် အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။
  • ယင်းမာပင်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန်နှင့်ဆီများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
  • ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ အား ပြန်လည်ခေါ်ယူမည့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းသတင်းဌာန Thai PBSက ဖော်ပြသည်။
  • အမေရိကန်ရေနံကုမ္ပဏီကြီး Chevron က မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း လွန်ခဲ့ သည့် ၂ နှစ်ခန့်က ထုတ်ပြန်ခဲ့ပြီးနောက် ရတနာဓာတ်ငွေ့စီမံကိန်းမှ ၄င်း၏ပိုင်ဆိုင်မှုများကို လွှဲပြောင်းရောင်းချကာ၊ လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံမှ အပြီးတိုင်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
  • မလေးရှား စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Axiata သည် ၎င်းတို့ ရှယ်ယာအများစု ပိုင်ဆိုင်ထားသော တာဝါတိုင်လုပ်ငန်းခွဲတစ်ခုဖြစ်သည့် EDOTCO Myanmar ကို အမေရိကန် ဒေါ်လာ သန်း ၁၅၀ ဖြင့် ရောင်းချရန် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။
  • မွန်ပြည်နယ် ဓမ္မဿကျေးရွာ စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများအတွက် မွန်ပြည်လွတ် မြောက်ရေးတပ်တော်မှ တပ်ဖွဲ့ဝင် အပါအဝင် နော်ဝေး နိုင်ငံရောက် မွန်လူမျိုးများနှင့် ကနေဒါ နိုင်ငံရောက် မွန်လူမျိုးများက စုပေါင်း၍ လှူဒါန်းသည့် အလှူငွေ စုစုပေါင်း ၅,၇၀၃,၄၉၀ ကျပ်ကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ မြို့နယ် ရဲတပ်ဖွဲ့မှူးများ သိသင့် သိထိုက်သည့် ရဲလုပ်ငန်း ပိုင်ဆိုင်ရာများ၊ ခေါင်းဆောင်မှုဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးခဲပြီး သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အသိပေးထားသည်။
  • စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်ကိုတိုက်ဖျက်ရန် နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းအချို့ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေး တပ်(MSDF) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)တို့မှ ဧပြီ ၇ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ထားသည်။
  • ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စကခ ၁၅ လက်အောက်ခံ ခမရ(၅၆၅)တပ်ရင်း မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးဇော်ဇော်အောင်အား ဒဏ်ရာများနှင့်ဖမ်းဆီးရမိပြီး ဆေးကုသမှုပေးနေသည်ဟု ရက္ခိုင့်တပ်တော်(AA)က ‌ထုတ်ပြန်သည်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာတိုက်ပွဲတွင် လက်နက်ချခဲ့သော ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က ထိန်းသိမ်းထားရာ ထိုစစ်သုံ့ပန်းများ၏ ဆန္ဒမပါဘဲ စစ်ကောင်စီထံ ပြန်လွှဲပေးမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမကို ပြောသည်။
  • ရက္ခိုင်ပြည်နယ်တိုက်ပွဲ ၄လကျော်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၉ ဦးသေဆုံးခဲ့ပြီး ၄၆၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ HDCO က ဧပြီ ၃ ရက်တွင် ထုတ်ပြန်သည်။
  • ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်၌ ယမန်နေ့ ဧပြီ ၇ရက်ကပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)နှင့် စစ်ကောင်စီတပ်တိုက်ပွဲ ဆက်ဖြစ်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ထပ်ရှိခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီ

  • ကရင်ပြည်နယ်တွင် လက်နက်ချ အညံခံခဲ့သည့် အကြမ်းဖက်စစ်တပ်၏ သင်္ဃန်းညီနောင် ဗျူဟာမှူးက ရာပေါင်းများစွာသော အသက်များကို ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည့် အကြောင်း ကေအိုင်စီ သတင်းဌာနက ဖော်ပြထားသည်။
  • နယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီတွင် စစ်ရေးတင်းမာနေချိန် စစ်ကောင်စီက စေလွှတ်လိုက်သည့် အရပ်ဘက် ခရီးသည်တင်လေယာဉ်တစ်စီး ယမန်နေ့ ညပိုင်းက မဲဆောက်လေဆိပ်ကို ဆိုက်ရောက်လာပြီး ၁ နာရီခွဲနခန့်အကြာ၌ ပြန်လည်ထွက်ခွာသွားကြောင်း ထိုင်းမီဒီယာများက ဖော်ပြထားသည်။
  • ရန်ကုန်မြို့တွင် ဧပြီလ ၁၃ရက်ကနေ ၁၆ရက်နေ့အထိ သင်္ကြန်ကာလအတွင်း ဆူးလေဘုရား လမ်းပိုင်း အချို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရသည်။
  • မြန်မာ့ရိုးရာသင်္ကြန်ကာလအတွင်း ယာဉ်မောင်းသူများ အရက်သေစာ သောက်စားခြင်း ရှိမရှိကို အရက်မူးတိုင်းကိရိယာ Alcohol Tester ဖြင့် စစ်ဆေးပြီး ချိုးဖောက်ပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အသိပေး ထုတ်ပြန်ချက်အရ သိရသည်။
  • မြောက်ဥက္ကလာပဆေးရုံကြီးတွင် Operation Theatre Complex လေးထပ်ဆောင်အသစ် တည်ဆောက်နေကြောင်း စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ဧပြီ ၈ သုံးသပ်ချက်

  • စစ်ကောင်စီသည် တိုက်တိုင်းရှုံးအခြေအနေမျိုးဖြစ်လာနေပြီး နယ်စပ်ကုန်သွယ်ရေးမြို့များ လက်လွှတ်လာရသလို နိုင်ငံတကာတွင်လည်း အရှက်ဂုဏ်သိက္ခာကျဆင်းလာရသည်။ နိုင်ငံတကာတွင် အဆင့်မည်မျှရှိသည်ဟု ကြွားဝါလေ့ရှိသည့် စစ်တပ်၏ အရည်အချင်းကို အိမ်နီးနားချင်းတိုင်းပြည်များကပါ အထင်မြင်သေးလာသည်ကို တွေ့ရသည်။