စစ်ကောင်စီတပ်အတွက် လက်နက်ပွဲစား ရန်ကုန်မြို့လယ်တွင် အသတ်ခံရ

စစ်ကောင်စီတပ်အတွက် လက်နက်ပွဲစား ရန်ကုန်မြို့လယ်တွင် အသတ်ခံရ

(မဇ္ဈိမ)။ ။ စစ်ကောင်စီတပ်အတွက် လက်နက်တင်သွင်းနေသူတဦးကို ရန်ကုန်မြို့လယ်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတအဖွဲ့တခု၏ထုတ်ပြန်ချက်အရသိရသည်။

ဦးဉာဏ်လွင်အောင်ကို လမ်းမတော်မြို့နယ်တွင် ယနေ့ည (အောက်တိုဘာ ၂ ရက်နေ့) ည ၁၀ နာရီဝန်းကျင်တွင်အနီးကပ်ပစ်ခတ်ခဲ့သည်ဟု Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ကပြောသည်။

ဦးဉာဏ်လွင်အောင် (ခ) ကိုဉာဏ်သည် စစ်ကောင်စီတပ်အတွက် လက်နက်ဝယ်ယူခြင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနအတွက် မျက်နှာဖတ်စနစ် (Facial recognition) ပါ CCTV များကို တင်သွင်းတပ်ဆင်ပေးနေသူဖြစ်ကာ ၎င်းကိုယ်တိုင် “တပ်မတော်မိသားစုလုပ်ငန်းရှင်”ဟု ခံယူထားသူဖြစ်သည်ဟု ပြောက်ကျားအဖွဲ့ထုတ်ပြန်ချက်တွင်ပါရှိသည်။

” လူမှုကွန်ရက်တွင်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ဆဲဆိုလေ့ရှိပြီး ၎င်း၏ ဝန်ထမ်းများကိုလည်း နံနက်ခင်းတိုင်း စစ်ကောင်စီ၏ သစ္စာအဓိဋ္ဌာန် လေး ချက်ကို ရွတ်ဆိုခိုင်းသူဖြစ်သည်။” ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် သူသည် ရုရှားစစ်တပ်ကိုယ်စားလှယ်များနှင့်အတူ ခရီးသွားလေ့ရှိပြီး ထိုင်း ၊ တရုတ် ၊ ရုရှား နှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့်လုပ်ငန်းခွဲများဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းစဥ်များချောမွေ့စေရန် Well and Fair ပြည်ပခရီးသွားကုမ္ပဏီ တစ်ခုကိုလည်း ထူထောင်ထားသည်ဟုလည်း ပါရှိသည်။

လုပ်ကြံမှုအပြီး စစ်ကောင်စီတပ်များက အခင်းဖြစ်ပွားရာအနီးတဝိုက် ပိတ်ဆို့စစ်ဆေးသော်လည်း ပြောက်ကျားတပ်ဖွဲ့ဝင်များ ဘေးကင်းရာရှိသွားသည်ဟုလည်း ပါရှိသည်။