မြ၀တီမြို့အနီး တိုက်ပွဲဆက်ပြင်းထန်၊ မြို့ခံအများစု ထိုင်းဘက်သို့ စစ်ဘေးရှောင်

စစ်ဘေးရှောင်ရန် ထိုင်းဖက်သို့ ကူမည့် မြ၀တီမြို့ခံများအား ယနေ့ ဧပြီလ ၁၀ ရက်နေ့က မြ၀တီအမှတ်(၁) ချစ်ကြည်ရေး တံတားတွင် တွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြ၀တီမြို့မှ ခလရ(၂၇၅)ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးအသုံးပြု၍ အပြင်းအထန်တိုက်ခိုက်နေကာ မြို့အနီး၌ တိုက်ပွဲပြင်းထန်နေသည်။

” မနေ့ကစပြီး ၂၇၅ တပ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သွားပြီးတိုက်တယ်။ ဒီနေ့မနက်အထိ တိုက်နေကြတယ်။ စစ်ကောင်စီဘက်ကလည်း လေယာဉ်နဲ့တစီးပြီးတစီးလာပစ်တာရှိတယ်။ စစ်ကားတွေရော၊သံချပ်ကာကားတွေရော တက်လာတာတွေ့ရတယ်။ ပစ်ခတ်သံတွေတော့အခုချိန်ထိကြားနေရတုန်းပဲ” ဟု ထိုင်း- မြန်မာနယ်စပ်တွင် သတင်းရယူနေသည့် မဇ္ဈိမသတင်းထောက်ကပြောသည်။

မြ၀တီမြို့တွင် နောက်ဆုံးလက်ကျန်စစ်ကောင်စီတပ်ရင်းဖြစ်သည့်ခလရ(၂၇၅)ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(ဧပြီလ ၉ရက်) နေ့လယ် ၁၂နာရီခန့်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြဝတီမြို့ သင်္ကန်းညီနောင်ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်( KNLA)နှင့် PDF ပူးပေါင်းတပ်များက ဧပြီ ၅ရက်က တိုက်ခိုက်သိမ်းယူခဲ့ပြီး​နောက် ခလရ(၂၇၅)ကို လက်နက်ချရန် တောင်းဆိုညှိနှိုင်းခဲ့သည်။ သုံးရက်ကြာညှိနှိုင်းခဲ့သော်လည်း လက်နက်ချခြင်းမရှိ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

” လက်ရှိကတော့ ၂၇၅ တပ်ရင်းကို ထိန်းထားနိုင်တယ်လို့ ပြောလို့ရပေမယ့် စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေလို့ လက်နက်ကြီးတွေ မြို့တွင်းရောမြို့ပြင်ပါ ကျရောက်နေတယ်”လို့ PDF ရဲဘော်တဦးက ပြော သည်။

ယ‌နေ့တွင် မြ၀တီမြို့ထဲနှင့် မဲဆောက် – မြဝတီအမှတ်(၁) ချစ်ကြည်ရေးတံတား၌ ကရင်နယ်ခြားစောင့်တပ်(BGF)က နေရာယူထားသည်ကို တွေ့ရသည်။မြို့ခံအများအပြားသည် မဲဆောက်ဘက်ခြမ်းသို့ တိမ်းရှောင်နေကြသည်။ အချို့သည် တိုက်ပွဲအခြေအနေကိုစောင့်ကြည့်ပြီး နေအိမ်၌သာ နေထိုင်နေကြသည်။

” တိုက်ပွဲအခြေအနေကပြင်းထန်တော့ ဆက်နေလို့မရတော့ဘူး။ ဒါကြောင့် မဲဆောက်ဘက်ကိုရှောင်လာတာ။ ဒီဘက်မှာအဆင်ပြေပေမယ့် အိမ်ကိုစိတ်ပူနေရပါတယ်”ဟု မဲဆောက်မြို့ရောက် စစ်ဘေးရှောင်တဦးကပြောသည်။

ယနေ့ညနေအထိ မြဝတီမြို့၌ ရှိနေသူအမျိုးသမီးတဦးက “မနက်အစောကြီးကတည်းက အလုံးကြီးအသံတွေ ဆက်တိုက် ကြားနေရတယ်။ အခုထိပဲ။ အထုပ်တွေ ထုပ်ပိုးထားရတယ်။ အခြေအနေ မဟန်ရင်တော့ ပြေးရတော့မယ်။ အခုတော့ နည်းနည်းဝေးသေးလို့ စောင့်ကြည့်နေတုန်းပဲ”ဟု ပြောသည်။

တိုက်ပွဲပြင်းထန်နေသော်လည်း မြဝတီ − မဲဆောက် နယ်စပ်ဂိတ်ကို ပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ချစ်ကြည်‌ရေးတံတားမှတဆင့် ထိုင်းဘက်သို့ ခုနစ်ရက်နေထိုင်ခွင့်ကဒ်ဖြင့်တိမ်းရှောင်လာသူများ ရှိကြောင်း မဲဆောက်ရောက် မြန်မာအချို့ကပြောသည်။

လတ်တလောတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည့်ခလရ (၂၇၅)သည် မြဝတီမြို့တွင်းနှင့် ငါးမိုင်ခန့်သာ ကွာဝေးသည်။စစ်ကောင်စီတပ်သည် ယနေ့မွန်းလွဲပိုင်းတွင် ခလရ (၂၇၅) အနီးရှိ အေးသုခရွာကို လေကြောင်းမှ ပစ်ခတ်နေကြောင်း မြို့ခံတဦးကပြောသည်။

မြဝတီမြို့တွင် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ အုပ်ချုပ်ရေးလည်ပတ်မှုရပ်ဆိုင်းနေပြီ ဖြစ်သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။ မြဝတီမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် သံချပ်ကာကားများပါဝင်သောစစ်ကောင်စီယာဥ်တန်းသည် ဘားအံမြို့ကိုဖြတ်၍ ကော့ကရိတ်၊မြဝတီမြို့ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း