စစ်မှုထမ်းလုပ်သက် ၇ လသာရှိ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့်အတူ PDF ထံခိုလှုံ

Southern YSO PDF ထံ အလင်းဝင်လာသော စစ်ကောင်စီတပ်သားနှစ်ဦး/ဓာတ်ပုံ။ ။ Southern YSO PDF

ကိုခင်မောင်

(မဇ္စျိမ) ။ ။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ(၂၅၂)တပ်မှ စစ်မှုထမ်းလုပ်သက် ခုနစ်လသာရှိသေးသော စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာကြောင်း Southern YSO PDF မှ ယနေ့ ဧပြီလ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“သူတို့က ပြီးခဲ့တဲ့ ခုနစ်လ၊ ရှစ်လလောက်က စစ်တပ်ထဲမှာ အတင်းအကျပ် ဖိအားပေးခံပြီးတော့ စစ်တပ်ထဲရောက်လာတဲ့ကလေးတွေ၊ သူတို့စိတ်နဲ့ စစ်တပ်ထဲရောက်လာတဲ့သူတွေ မဟုတ်ဘူး။ မိဘတွေရဲ့ ဖိအားကြောင့် စကစတပ်ထဲဝင်တယ်။ သင်တန်းငါးလခွဲဆင်းတယ်။ ပြီးတော့ ပခုက္ကူ ခလရ(၂၅၂)တပ်ကို တာဝန်ကျတယ်။ ခလရ (၂၅၂)တပ်မှာ တလခွဲနီးပါးလောက်ရှိတယ်။ ဒီကြားထဲမှာ ကျွန်တော်နဲ့ အချိတ်ဆက်ရတယ်၊ လမ်းကြောင်းသင့်တာနဲ့ ကျွန်တော်သွားခေါ်လိုက်တာပါ။” ဟု Southern YSO PDF တာဝန်ခံ အောင်မောင်းက မဇ္စျိမကိုပြောသည်။

အသက် ၂၀နှစ်အရွယ် တပ်သား အောင်ဆန်းလင်း နှင့် အသက်၁၈နှစ် အရွယ် အောင်သက်ပိုင်တို့သည် ဧပြီ ၅ ရက်နေ့တွင် MA 1 တလက်၊ ကျည်ဘောက်တခု၊ 5.56ကျည် ၂၅ တောင့် တို့နှင့်အတူ Southern YSO PDFထံ ခိုလှုံလာခြင်းဖြစ်ကြောင်း ၎င်းတာဝန်ခံထံမှ သိရသည်။

ထိုသို့ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ပြီး ၎င်းတို့ကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“လက်နက်ကိုင်ပြီးလှုပ်ရှားနေရပေမယ့် စစ်ကောင်စီတပ်ဟာ ပြည်သူကို ကိုယ်စားမပြုတဲ့အဖွဲ့ဆိုတာ သူတို့ နားလည်တယ်လေ။ ပြည်သူကိုကိုယ်စားပြုတဲ့ PDF တွေဆီကို သူတို့လာခဲ့တာပါ။” ဟုလည်း Southern YSO PDF တာဝန်ခံ အောင်မောင်းက ဆက်ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း Southern YSO PDF အဖွဲ့ထံသို့ စစ်ကောင်စီတပ်သားနှစ်ဦး၊ ရဲနှစ်ဦး စုစုပေါင်း လေးဦးသည် လက်နက်အပ်ခိုလှုံလာကြပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ၎င်းတို့အဖွဲ့နှင့်အတူ တိုက်ပွဲဝင်နေသော CDMရဲဘော်များလည်းရှိကာ နောက်ထပ် ပြည်သူ့ရင်ခွင်ခိုလှုံလိုသည့် စကစ လက်အောက်ခံ ရဲဘော်များကို နွေးထွေးစွာကြိုဆိုကြောင်းလည်း ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)