ရန်ကုန်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူစာရင်းများ လိုက်လံကောက်ယူ

ရန်ကုန်တွင် ဧည့်စာရင်း စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ-အဟောင်း)

ရောင်နီ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရမည့် လူစာရင်းများ လိုက်လံကောက်ယူလျက်ရှိကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

ခရမ်း၊ လှိုင်သာယာ၊ ကျောက်တန်း၊သန်လျင်၊တောင်ဒဂုံ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် ယခု မတ်လအတွင်း ထိုသို့ စာရင်းကောက်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ မဇ္ဈိမက စုံစမ်းသိရှိထားသည်။

“ မနေ့ (မတ်လ ၁၀) က ရပ်ကွက်ထဲကို စစ်တပ်နဲ့ အုပ်ကြီး(ရပ်ကွက်အုပ်ချုပ်ရေးမှူး)တွေပါတဲ့ အဖွဲ့တွေလာပြီး တအိမ်တက်ဆင်း သန်းခေါင်စာရင်းထဲမှာပါတဲ့ အမျိုးသားတွေ စာရင်းကောက်သွားပါတယ်” ဟု ခရမ်းဒေသခံတဦးက ပြောသည်။

ထိုသို့ကောက်ယူရာတွင် ကျောင်းတက်နေဆဲဖြစ်သည့် လူငယ်များကို ဘွဲ့ရပြီးသည့် အချိန်အထိ စစ်မှုထမ်းရန် ဆိုင်းငံ့ပေးထားမည်ဟု ပြောဆိုသွားမှုများ ရှိကြောင်း ဒေသခံများက ဆိုသည်။

“ သန်းခေါင်စာရင်းထဲရှိတဲ့ ပညာသင်ကြားနေဆဲ လူငယ်တွေကို ဘွဲ့ရတဲ့ အချိန်အထိ စစ်ထဲဝင်ဖို့ ဆိုင်းငံ့ပေးမယ်ဆိုတာမျိုး ပြောသွားတယ်။ ဒါပေမဲ့ ဥပဒေက သူတို့ပါးစပ်ထဲဆိုတော့ မယုံကြည်ရဲဘူး” ဟု နောက်ထပ်ဒေသခံတဦးက ပြောသည်။

ထို့အတူ လှိုင်သာယာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က မတ်လ ၈ ရက်နေ့က စတင်ကာ လူစာရင်းကောက်ယူခြင်းအပြင် စစ်မှုထမ်းရန်လှုံ့ဆော်ရေးသားထားသည့် လက်ကမ်းစာစောင်များ ဝေဌခြင်း လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောကြားထားသည်။

“ အိမ်မှာ လူဘယ်ယောက်နေတာလဲမေးပြီးရင် ယောကျာ်းလေး ဘယ်နှစ်ယောက်ရှိလဲထပ်မေးတယ်။ ယောကျာ်းလေးရှိတဲ့ အိမ်တွေကို ပိုပြီး မေးမြန်းတာ လုပ်သွားပါတယ်” ဟု သန်လျင်ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဒုတိယဝန်ကြီး တင်အောင်ဆန်းက စစ်မှုထမ်းသင်တန်းကျောင်းများ စီစဉ်ပြီးဖြစ်ကြောင်း ပြောကြားပြီးနောက် ယခုကဲ့သို့ မြို့ကြီးများတွင် စစ်မှုထမ်းရန် လူစာရင်းများ လိုက်လံကောက်ယူလာခြင်း ဖြစ်သည်။

နိုင်ငံတဝန်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အထိနာနေသည့် အာဏာသိမ်းစစ်ကောင်စီက အသက် ၁၈ နှစ်ပြည့်ပြီးသည့် အမျိုးသား၊ အမျိုးသမီး အားလုံး စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုပြဌာန်းခဲ့သည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက် လူငယ်များကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးမှု၊ ဧည့်စာရင်းစစ်ဆေးပြီးနောက် ဖမ်းဆီးမှုများ မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်မည့်သူများအား မြန်မာနှစ်သစ်ကူးကာလပြီးသည့်နောက် ဧပြီလနှောင်းပိုင်းတွင် စတင်ခေါ်ယူမည်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး