မတ္တရာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သား ၄ ဦး သေဆုံး

ပုံအညွှန်း -- ဟောင်ဝှစ်ဇာလက်နက်ကြီးပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုတွေ့ ရစဥ် ( ပုံဟောင်း)

ပုံအညွှန်း — ဟောင်ဝှစ်ဇာလက်နက်ကြီးပစ်ခတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကိုတွေ့ ရစဥ် ( ပုံဟောင်း)

MTO

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှု နေအိမ် တလုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်သုံးဦးအပါအဝင် အရပ်သားလေးဦးသေဆုံးသွားကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၀ ရက် နံနက် ၈ နာရီတွင် မတ္တရာမြို့နယ် ရွှေချောင်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့က အောက်တောင်ကိုင်းကျေးရွာဖက်သို့ ၈၁ မမ လက်နက်ကြီးဖြင့် ငါးကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း မတ္တရာပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောသည်။

“ လက်နက်ကြီးကျည်တွေက အောက်တောင်ကိုင်းကျေးရွာအနီးဝန်းကျင် ကျရောက်ပေါက်ကွဲတာတွေရှိ တယ်။ အဲဒီထဲကတလုံး အိမ်ပေါ်ကျပေါက်လို့ အရပ်သားလေးယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်”ဟု ၎င်း ကဆိုသည်။

သေဆုံးသူများမှာ ဦးညွှန်ခင် (၆၆နှစ်)၊ ဒေါ်ဝင်ဆန်း (၄၉နှစ်)၊ မောင်ရဲမင်းခန့် (၁၄နှစ်)နှင့် မောင်ဖိုးသင်္ကြန် (၁၃နှစ်)တို့ဖြစ်ကြောင်း မတ္တရာမြို့နယ်သတင်းများကိုဖော်ပြနေသည့် ရောင်နီနွေဦး ဖေ့စ်ဘုတ်စာမျက် နှာတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ (ဧပြီလ ၁၁ ရက်) နံနက် ၁၁ နာရီဝန်းကျင်တွင် မတ္တရာမြို့ပေါ်ရှိ ဘောလုံး ကွင်းမှ စစ်ကိုင်းမြို့နယ်နှင့် ဝက်လက်မြို့နယ်ဖက်သို့ ၁၂၂ မမ ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

“ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတော့ ရှိတယ်။ လူထိခိုက်တာ၊ နေအိမ်ပျက်စီးတာတော့ မရှိဘူး လို့ သိရတယ်”ဟု ကိုဘိုတောက်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများသည် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး အရပ်သားများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများ ခပ်စိတ်စိတ်ပြုလုပ်လာနေကြောင်း ဒေသခံများထံမှ သိရသည်။

မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု မကြာခဏဆိုသလို ပြုလုပ်ခဲ့ရာ ၂၀၂၄ နှစ်ဆန်းပိုင်းကစတင်ကာ ယနေ့(ဧပြီ ၁၁)အထိ အရပ်သား ၁၀ ဦး သေဆုံးပြီးဖြစ် ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း။ ။စောဖေ