အိမ်ကြီးမှာ ရေကန်ဆောက်ခြင်းအတွက် ဒဏ်ငွေဒေါ်လာ ၃ သန်းကို နေမာ ရှောင်လွှဲနိုင်ခဲ့

By PKThawn

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုလိုင်စင်မရှိဘဲ ရီယိုဒီဂျနေရိုးမြို့ပြင်က နေမာရဲ့ နေအိမ်ကြီးမှာ ရေကန်တခုတည်ဆောက်ခြင်းကြောင့် ပြီးခဲ့တဲ့နှစ်က ဘောလုံးကြွယ်ပွင့်အပေါ် ဒဏ်ငွေဒေါ်လာ ၃ သန်း ချမှတ်မှုကို ဘရာဇီးလ်တရားရုံးတရုံးက ဆိုင်းငံ့လိုက်ပါတယ်။

စီမံကိန်းဟာ အမှန်တကယ်မှာ အထူးသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုချက်တွေမလိုအပ်ကြောင်း တရားသူကြီး အေဒီရာနယ် ရာမို့စ်ဒါမယ်လိုက ပြည်နယ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အာဏာပိုင် INEA ရဲ့ အစီရင်ခံစာကို ကိုးကားပြီး AFP က ဗုဒ္ဓဟူးနေ့မှာ ရရှိတဲ့ တနင်္လာနေ့စွဲပါ စီရင်ချက်မှာ ပြောပါတယ်။

“ဒဏ်ကြေးငွေ ဒေါ်လာသန်းပေါင်းများစွာ ချမှတ်မယ်လို့ ယူဆပါက ဆက်လက်တောင်းဆိုမှု (ငွေပေးချေမှု)တွေဟာ … အယ်လ်ဟီလာ ကစားသမားအတွက် ပြင်းထန်ပြီး အချိုးအစားမညီမျှဘဲ၊ မတရား ထိခိုက်မှုကိုပင် ဖြစ်စေလိမ့်မယ်”လို့ တရားသူကြီးက ပြောပါတယ်။

ရီယိုမြို့အပြင်ဘက် ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ခန့်အကွာက ခရီးသွားမြို့က ကစားသမားရဲ့ အိမ်ကြီးမှာ ရေကန်အတုဆောက်လုပ်ရာမှာ သဘာဝပတ်ဝန်းကျင်ချိုးဖောက်မှုတွေအတွက် စုစုပေါင်း ရီယစ် ၁၆ သန်း (ဒေါ်လာ ၃.၃ သန်း) အတွက် ပြစ်ဒဏ် လေးချက်ကို မန်ဂါရာတီဘာရှိ မြို့တော်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

“ချိုးဖောက်မှု ဒါဇင်များစွာကို စစ်ဆေးတွေ့မှုတွေ”အနက် ခွင့်ပြုချက်မရှိဘဲ မြစ်ရေကို ထုတ်ယူခြင်းနဲ့ ရေလမ်းလွှဲခြင်း၊ “ခွင့်ပြုချက်မရှိဘဲ မြေယာဖယ်ရှားခြင်းနဲ့ သဘောဝပေါက်ပင်တွေကို ဖျက်ဆီးခြင်း”၊ “ခွင့်ပြုမိန့်မရှိဘဲ သဘာဝပတ်ဝန်းဆိုင်ရာ ထိန်းကျောင်းမှုအောက်မှာရှိတဲ့ အလုပ်တွေကို လုပ်ဆောင်နေခြင်း”လို့ အာဏာပိုင်တွေက ဖော်ပြထားပါတယ်။

ဒါပေမယ့်  တရားသူကြီးက “ယင်းလှုပ်ရှားမှုတွေအတွက် (သဘာဝပတ်ဝန်းကျင်) လိုင်စင်မလိုအပ်ကြောင်း သူတို့ရဲ့စစ်ဆေးရေးက အတည်ပြုခဲ့ပြီး ဒါ့ကြောင့် စွဲချက်တင်ထားတဲ့ ချိုးဖောက်မှုတွေ မရှိ”ကြောင်း INEA ရဲ့ တွေ့ရှိချက်တွေကို တဖက်သတ်ဖြစ်ကြောင်း သူမရဲ့ စီရင်ချက်မှာ ပြောပါတယ်။

နေမာဟာ မန်ဂါရာတီဘာအိမ်ကြီးကို ၂၀၁၆ မှာ ဝယ်ယူခဲ့ပါတယ်။ ဘရာဇီးလ်မီဒီယာရဲ့ အဆိုအရ အဲဒီအိမ်ကြီးဟာ စတုရန်းမီတာ ၁၀,၀၀၀ (၂.၅ ဧက) ပေါ်မှာ တည်ရှိပြီး ရဟတ်ယာဉ် ရပ်နားရာနေရာ၊ spa နဲ့ အားကစားခန်းမတွေပါဝင်တယ်လို့ သိရပါတယ်။

(AFP)