ရခိုင်တွင် သင်္ကြန်ပွဲ မပြုလုပ်ကြရန် အချက် ၃ ချက်ကို AA ‌ထုတ်ပြန်

ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် မီးလောင်ဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်အချို့ကို တွေ့ရစဉ် (Phot- Wai Hun Aung fb)

မဇ္ဈိမ

ရခိုင်ပြည်နယ်တွင် လက်ရှိတိုက်ပွဲများ ပြင်းထန်နေချိန်ဖြစ်၍ သင်္ကြန်ကာလအတွင်း မြို့ပြနှင့် ကျေးလက်ဒေသများ၌ လူစုလူဝေးများဖြင့် ပျော်ပွဲ ရွှင်ပွဲကြီးများ မပြုလုပ်ကြရန် အချက်သုံးချက်ကို အာရက္ခတပ်တော် (AA) က ဧပြီလ ၁၁ နေ့ညတွင် ကြေညာချက် ထုတ်ပြန်သည်။

လူစုလူဝေးဖြစ်စေသော သင်္ကြန်မဏ္ဍပ်များ၊ ရှိုးပွဲများ ပြုလုပ်ခြင်း၊ လူအများအပြား စီးနင်းလိုက်ပါလာ ကားများဖြင့် ရွာလှည့်ကခုန်ခြင်းနှင့် ဘုန်းကြီးကျောင်းများ၌ လူစုလူဝေးကြီးများဖြင့် ဥပုသ်သီလဆောက်တည်ခြင်း စသည့်အချက်များ မပြုလုပ်ကြရန် ကြေညာချက်တွင် ပြောထားသည်။

သင်္ကြန်ကာလအတွင်း အစုလိုက်၊ အပြုံလိုက် အသက်သေဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရမှုများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယင်းအချက်များကို လိုက်နာကြရန်လည်း ကြေညာချက်တွင် တိုက်တွန်းထားသည်။

“စစ်ကောင်စီတပ်က လူစုလူဝေးဟု ယူဆရသည့် နေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြိုးပမ်းနေသည်” ဟု AA ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် စစ်ကောင်စီဘက်ကမှု ရခိုင်ပြည်နယ်တွင် သင်္ကြန်ပွဲတော်ကို ယခင်နှစ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှန်သိန်းက ဧပြီလ ၄ ရက်နေ့တွင် MRTV မှတဆင့် ပြောထားပြီး ဖြစ်မြောက်အောင် ကျင်းပရန် စီစဉ်နေသည်။

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက် ရှိနေဆဲဖြစ်သော မြို့တော်စစ်တွေတွင် ဗဟိုမဏ္ဍပ်တခုသာ ဖွင့်လှစ်မည်ဖြစ်ပြီး အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်သွားမည်ဟု ဦးလှသိန်းက ပြောထားသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ အာရက္ခတပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပြီး လက်ရှိမှာ မြို့ကိုးမြို့ကို AA က သိမ်းပိုက်ထားသည်။

ရခိုင်၌ မြို့ ၁၇ မြို့ရှိသည့်အနက် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားခြင်း ဖြစ်သည်။

AA ထိန်းချုပ်ထားသော မြို့များအနက် အချို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုနှင့် လေကြောင်းဗုံးကြဲတိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်