မိုးညှင်းတွင် ကက်သလစ်ဆရာတော်ကို သေနတ်သမားများက ပစ်ခတ်

(မဇ္ဈိမ)

မိုးညှင်းမြို့တွင် ကက်သလစ်ဆရာတော်တပါးကို သေနတ်သမားများက ဘုရားကျောင်းအတွင်းဝင်ရောက် သေနတ်ဖြင့်ပစ်ခတ်မှု ယနေ့ (ဧပြီ ၁၂ ရက်) နံနက်က ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ စိန့်ပက်ထရစ်ဘုရားကျောင်းတွင် နံနက် ၇ နာရီဝန်းကျင်က ဝတ်ပြုဆုတောင်းမှု (မစ္ဆားတရားတော်)လုပ်နေချိန်တွင် သေနတ်သမားနှစ်ဦးဝင်ရောက်လာပြီး အသက် ၄၀ ကျော်အရွယ် ဖာသာခွန်းရှင်းအောင် (Fr. Hkun Shin Awng) ကို လုပ်ကြံကြခြင်းဖြစ်သည်။

အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာများရရှိခဲ့ကာ မိုးညှင်းဆေးရုံကြီးသို့ကုသမှုခံယူရန်သွားရောက်ခဲ့ရာက မိုင် ၁၀၀ ကျော်ဝေးသော မြစ်ကြီးနားဆေးရုံသို့လွှဲပြောင်းသဖြင့် ပို့ဆောင်ပေးနေကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။