မတ်လအတွင်းပျံ့နှံ့ခဲ့တဲ့ သတင်းအမှားများ

ZZ

(မဇ္ဈိမ) ။ ။ သတင်းအမှားများကိုတိုက်ဖျက်ခြင်း (Misinformation Busters) အစီအစဉ်ကနေ ဒီတစ်ခေါက် တင်ဆက်မှာ ကတော့ မတ်လအတွင်းမှာ ဘယ်လိုသတင်းအမှားတွေအများဆုံးပျံ့နှံ့ခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်တင်ဆက်ပေးသွားမှာပါ။

မတ်လအတွင်းမှာတော့ ဘာသာရေးနဲ့ဆက်နွယ်ပြီးဖြန့်ဝေတဲ့ သတင်းအမှားတွေကို အများဆုံး စစ်ဆေးနိုင်ခဲ့ပါတယ်။
သီတဂူဆရာတော်တပ်ထဲဝင်ဖူးတယ်လို့ဖြန့်ဝေတဲ့ သတင်းအကြောင်းအရာ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာချေတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ဓမ္မလင်္ကာပါတဲ့ ယက်တောင်အကြောင်း၊ ယေရှုဘုရားသခင်ဟာ လူမည်းဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က သက်သေပြတယ်ဆိုတဲ့ အကြောင်း စတဲ့ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ သတင်းတု သတင်းမှားတွေကို အချက်အလက် စိစစ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ပတ်သက်လာရင် ဟိုးအရင်ကတည်းက ဝါဒဖြန့် မှိုင်းတိုက် ခဲ့တာတွေရှိပြီး ပဋိပက္ခတွေလည်း ဖြစ်ခဲ့ရပါတယ်။ ဘာသာရေး၊ လူမျိုးရေးတို့လို ထိလွယ်ရှလွယ် ကိစ္စတွေဟာ အခုနွေဦးတော်လှန်ရေးကာလမှာလည်း စစ်ကောင်စီလော်ဘီတွေရဲ့ လက်စွဲဆောင်ပုဒ်တစ်ခုလို သဘောထားပြီး ဝါဒဖြန့်နေတာတွေလည်း တွေ့ရသလို ရံဖန်ရံခါ တော်လှန်ရေးကို အားပေး ထောက်ခံသူတွေဘက်ကလည်း အချက်အလက်အမှားတွေ သတင်းအမှားတွေလည်း ဖြန့်ဝေလေ့ရှိကြတာကို သတိပြုကြဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့လတွေမှာ စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ပတ်သက်လို့ သတင်းအမှားအကြောင်းအရာကိုလည်း မတ်လထဲမှာ ဆက်လက်ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့နောက် စစ်တပ်ထောက်ခံတဲ့သူတွေဟာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အေအေ နဲ့ ရခိုင်လူထုကြား မှိုင်းတိုက်မှုတွေ၊ အေအေနဲ့ မူစလင်လူမျိုးတွေကြား ရန်တိုက်ပေးမှုတွေ အမြဲတစေ ဖြန့်ဝေလေ့ရှိတာကိုလဲ တွေ့ရပါတယ်။

ပုံအဟောင်းတွေ ရုပ်သံဖိုင်အဟောင်းတွေနဲ့ပတ်သက်လို့ ကော်သူလေးမှာ စာမေးပွဲဖြေနေတဲ့ ကျောင်းသားတွေရဲ့ ပုံအကြောင်း၊ ပုံဟောင်းတွေနဲ့ ကနီမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုတဲ့ အကြောင်း၊ အိန္ဒိယနိုင်ငံက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ဖိုင်နဲ့ KIA တပ်သားတွေ အစုလိုက်သေဆုံးတယ်ဆိုတဲ့အကြောင်းနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ နဲ့ ဆက်စပ်ပြီး ရုပ်သံဖိုင်အဟောင်းနဲ့ မြိတ်မြို့မှာ လှေထဲထိ စစ်သားတွေလိုက်ဖမ်းတယ်ဆိုတဲ့အကြောင်းတွေကို စစ်ဆေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လထဲမှာ ဖေ့စ်ဘုတ်က နည်းပညာပြဿနာတက်လို့ တစ်ကမ္ဘာလုံး ဖေ့စ်ဘုတ် အသုံးပြုလို့ မရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီလော်ဘီတွေကတော့ စစ်ကောင်စီတပ်က ဖေ့စ်ဘုတ်ကို ဟက်(Hack) လို့ နည်းပညာပြဿနာဖြစ်တဲ့ပုံစံမျိုးနဲ့ ဖြန့်ဝေခဲ့တာပါ။

တဆက်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့ အခြေအနေတွေနဲ့ ဆက်စပ်ပြီး ကလေးပျောက်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပြီး ကလေးခိုးတဲ့သူကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြတယ် ဆိုပြီး ပုံဟောင်းနဲ့ အင်တာနက်သုံးသူတွေကြား ပျံ့ခဲ့ပါသေးတယ်။

အချုပ်အားဖြင့်ဆိုရင်တော့ ဒီမတ်လထဲမှာ ပျံ့နှံ့ခဲ့တဲ့ သတင်းအမှားတွေထဲမှာ ဘာသာရေး၊ နိုင်ငံရေး နဲ့ တိုက်ပွဲတွေကြားထဲက သတင်းမှားတွေကို တွေ့ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်သက်မှု၊ အများပြည်သူတွေရဲ့ စိုးရိမ်စိတ် မြင့်တတ်မှု နဲ့ ထိလွယ်ရှလွယ် ပြဿနာရပ်တွေနဲ့ အချိန်ကိုက်ပဲ ဖြန့်ဝေနေတဲ့ သတင်းတုတွေ ရှိနေကြောင်း သတင်းဖတ်ရှုသူတွေကို အသိပေးလိုက်ရပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။