ဖားကန့် စရဖတပ်ကြပ်ကြီးပစ်ခတ်ခံရပြီး သေဆုံးဟု ဒေသခံများပြော

စရဖဆီက သိမ်းဆည်းရမိသည့် သေနတ်

အဂမ်

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် အရပ်ဝတ်ဖြင့် ထောက်လှမ်းရေးလုပ်နေသည့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှတပ်ကြပ်ကြီးတဦးသည် ယမန်နေ့(မေလ ၆ ရက်)ည ၇နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်တွင်တာဝန်ကျနေသည့် စရဖတပ်ကြပ်ကြီးတဦးနှင့် အဖော်တဦးကို အမျိုးသားငါးဦးက ငှက်ပျောတောရပ်ကွက်တနေရာ၌ သေနတ်ဖြင့်ပစ်ခတ်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

“ နောက်လိုက်က လွတ်သွားတယ်။ တယောက်ကိုတော့ သေနတ်နဲ့ ပစ်ထားတယ်။ အဲ့နေရာမှာဘဲ ပစ်ခံရပြီး လဲနေတာတော့ တွေ့ခဲ့တယ် ” ဟု ယင်းဒေသခံက ပြောသည်။

အမျိုးသားငါးဦးက ၎င်းတို့နှစ်ဦးကို ဖမ်းဆီးရန် ကြိုးစားစဉ် ပြန်လည်ခုခံသောကြောင့် ပစ်ခတ်မှု ဖြစ်ပွားခြင်းဟုဒေသခံများထံမှသိရသည်။

ပစ်ခတ်သွားသူများသည် မည်သည့်အဖွဲ့ကဖြစ်‌ကြောင်း အတည်မပြုနိုင်သေးသလို သေဆုံးသူနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမသိရှိရသေးပေ။ သေဆုံးသူသည် စစ်ကောင်စီလက်အောက်ခံ စရဖတပ်ဖွဲ့မှ တပ်ကြပ်ကြီးဖြစ်ကြောင်း ဒေသခံများကပြောသော်လည်း မည်သည့်တပ်ဖွဲ့မှဖြစ်ကြောင်း မဇ္ဈိမအနေဖြင့် အတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပေ။ ၎င်းထံမှ ဖုန်းတလုံး၊ သေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနှင့်ကျည်ဆန်အချို့ကို ပစ်ခတ်သူများက သိမ်းဆည်းရရှိသွားကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာရှိ အမှတ်(၃၀)ရဲတပ်ရင်းမှ ဒုရဲအုပ်တဦးနှင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ကျေးရွာလမ်းတနေရာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မေလ ၁ရက်ည‌နေကလည်း ဆိုင်တောင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုနေ့တွင် ဆိုင်း‌တောင်ရဲစခန်းမှ ဒုရဲအုပ်လင်းအောင်ကျော်ကိုအရှင်ဖမ်းမိခဲ့ကြောင်း KPDF နှင့် နီးစပ်သူတဦးကပြောသည်။

ယမန်နေ့ညက ပစ်ခတ်မှုတွင် စရဖတပ်ကြပ်ကြီး ဆိုသူသေဆုံးသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဖားကန့်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူတဦးအား မေးမြန်းရာ အသေးစိတ်မသိရှိရသေးကြောင်း ပြောသည်။

ယခုရက်ပိုင်း၌ ဖားကန့်မြို့နယ်၊ဆိပ်မူနှင့်ဆိုင်းတောင်ရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားတပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားနိုင်၍ လုံခြုံရေးဂရုစိုက်ကြရန် ဖားကန့်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် နီးစပ်သူက သတိပေးသည်။

စာတည်း – အေးချမ်း