ဟားခါးတွင် ပြည်နယ်ဝန်ကြီးများ စီးလာသည့်ယာဥ် တိုက်ခိုက်ခံပြီး ၆ ဦး ဒဏ်ရာရ၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ၎င်း၏ဇနီး ဒဏ်ရာပြင်းထန်

ပုံအညွှန်း- စစ်ကောင်စီ လက်အောက်ခံ ချင်းပြည်နယ် ဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေး

ပုံအညွှန်း- စစ်ကောင်စီ လက်အောက်ခံ ချင်းပြည်နယ် ဝန်ကြီးများ တက်ရောက်သည့် အစည်းအဝေး

ကိုခင်မောင်

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့တွင် ပြည်နယ်ဝန်ကြီးများ စီးလာသော ကားနှစ်စီးအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး)တာဝန်ရှိသူထံက သိရသည်။

ကားပေါ်ပါလာသူ ခြောက်ဦးဒဏ်ရာ ရသည့်အနက် ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းဇော်ဦးနှင့် ၎င်း၏ဇနီးမှာ ဒဏ်ရာပြင်းထန်သည်ဟု ၎င်းကဆိုသည်။

ယမန်နေ့ ဧပြီလ ၁၂ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်အချိန်တွင် ပြည်နယ်ဝန်ကြီးများ ရုံးတက်ရန်ဝန်ထမ်းအိမ်ရာမှ ကားနှစ်စီးဖြင့်လာနေစဥ် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊လမ်းဆုံတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး) တပ်မဟာမှူးက မဇ္စျိမကိုပြောသည်။

“ပြည်နယ်တခုလုံးရဲ့ ဝန်ကြီးတွေကို စစ်ဆင်ရေးသွားလုပ်တာပါ။ စစ်ဆင်ရေးမှာ ထိရောက်မှုသိပ်မရှိပေမယ့် ထိခိုက်ဒဏ်ရာတွေရကြတယ်။ ဆေးရုံမှာ ခွဲစိတ်မှုတွေ နှစ်ခါ၊ သုံးခါလောက်ပြန်လုပ်ရတယ်လို့ ပြန်ကြားရတယ်။ လူမှုရေးဝန်ကြီးရဲ့ အမျိုးသမီးလည်း ရင်ဘက်ထိမှန်တယ်။ အဲ့မှာ ဒဏ်ရာပြင်းထန်တဲ့သူကတော့ လူမှုရေးဝန်ကြီးရယ်၊ သူ့အမျိုးသမီးရယ် သူတို့နှစ်ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ကြားရတယ်။ ဒဏ်ရာခွဲစိတ်မှုမှာလည်း အခြေအနေမကောင်းဘူးလို့ ကြားရတယ်” ဟု ၎င်းတပ်မဟာမှူးက ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)၏ မြို့တွင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီခန့်အပ်သော စီးပွားနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၏ ဇနီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၏ ယာဉ်မောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏ ကိုယ်ပိုင်လုံခြုံရေးတာဝန်ယူသူ စစ်ကောင်စီတပ်သားတဦးနှင့် ရဲတပ်သားတဦးတို့တွင် ထိခိုက်ဒဏ်ရာများအသီးသီး ရရှိသွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ပြည်နယ်လူမှုရေးဝန်ကြီးနှင့် ၎င်း၏ဇနီးတို့မှာ ရင်ဘက်၊ကျောကုန်းတို့တွင် ကျည်ဆန်ထိမှန်ဒဏ်ရာများရရှိထားပြီး ခွဲစိတ်ကုသမှုနှစ်ကြိမ်စီ ခံယူခဲ့ကြကာ ဒဏ်ရာပြင်းထန်းစွာရရှိကြောင်း သတင်းရင်းမြစ်များထံမှစုံစမ်းသိရှိရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)မှ တာဝန်ရှိသူက ဆက်လက်ပြောသည်။

ယမန်နေ့ ဧပြီလ ၁၂ရက် နံနက်ပိုင်းတွင်မြို့သစ်ရပ်ကွက်ဘက်မှာ မိနစ်၃၀ခန့်ကြာ သေနတ်ပစ်ခတ်သံများဆက်တိုက်ကြားနေရပြီး စစ်ကောင်စီတပ်၏ ရုန်းတောင်ပေါ်စခန်းမှလည်း လက်နက်ကြီးဖြင့်ပစ်ကူခဲ့သေးကြောင်း ဟားမြို့နေဒေသခံတဦးက ဆိုသည်။

ဟားခါးမြို့ပေါ်တွင် စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီး နှစ်ဦးသည် ရုံးတက်ရန်သွာနေစဥ်လမ်းတွင် တိုက်ခိုက်ခံရသဖြင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ချင်းလူ့အခွင့်ရေးအဖွဲ့( CHRO )မှ ဧပြီလ ၁၂ ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့တွင်လည်း ဟားခါးမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (နတလ)တွင်လုံခြုံရေးတာဝန်ယူထားသော စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတဦးအပါအဝင် ငါးဦးကို ၎င်းတို့ကိုင်ဆောင်သောလက်နက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)ထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး