နယ်စပ်ဒေသရှိ လူထုအရေး ထိုင်းအစိုးရ အပါအဝင် မဟာမိတ်အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု KNU သဘောထားထုတ်ပြန်

YT

(မဇ္ဈိမ)။ ။ ထိုင်း- မြန်မာ (ကရင်ပြည်နယ်) နယ်စပ်၊ နယ်စပ်နှစ်ဖက်လုံး၌ နေထိုင်သည့် ပြည်သူများ​၏ လုံခြုံရေးအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေး အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU က ထုတ်ပြန်ပြောဆိုလိုက်သည်။

မြဝတီမြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်သွားမည့် KNU အနေဖြင့် ထိုင်း- ကရင်နယ်စပ်မျဉ်း​၏ နှစ်ဖက်လုံးတွင် နေထိုင် သည့် ပြည်သူများ​၏ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊နယ်စပ်တည်ငြိမ်ရေးနှင့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများရရှိရေးဆိုင်ရာ ကဏ္ဍများအတွက် နယ်စပ်ရှိ ကရင်အဖွဲ့အစည်းများအပါအဝင် ထိုင်းနိုင်ငံအစိုးရ၊ ပြည်တွင်းပြည်ပ မဟာမိတ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အနှစ်သာရရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး အထူးအလေးထား ကြိုးပမ်းအားထုတ်သွားမည်ဟု KNU က သဘောထားထုတ်ပြန်သည်။

စစ်ကောင်စီသည် မြဝတီမြို့နယ်တဝိုက်ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာ၊ ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) စသည့် သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းများနှင့် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) ကို ဆုံးရှုံးထားရသည်။

အဆိုပါတပ်ရင်းများ ပြန်လည်ရယူရေးနှင့် မြဝတီဒေသကို လက်မလွှတ်ရေးအတွက် မြေပြင်စစ်ကူစစ်ကြောင်းများ ပေးပို့နေပြီး ခလရ (၂၇၅) မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့ သည် ထိုင်း- မြန်မာချစ်ကြည်ရေး တံတားအမှတ် (၂) တွင် ရှိနေသဖြင့် မြဝတီဒေသသည် လုံခြုံရေးအတွက် စိတ်ချရသည့် အနေအထား မရှိသေးကြောင်း KNU ​၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU၊ KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့များက မြဝတီဒေသကို လုံခြုံရေး စိတ်ချရသည့် အနေအထားတခုရောက်အောင် ဆက်လက် လုပ်ဆောင်နေပြီး စိတ်ချရသည့် အနေအထားရောက်ပါက မြဝတီမြို့တွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်စည်စီးဆင်းရေးလုပ်ငန်းများအပြင် တရားမဝင် လုပ်ငန်းများကို တားဆီးသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည့်အကြောင်း KNU က ဆိုသည်။

ထို့ပြင် KNU အနေဖြင့် စစ်အာဏာရှင်စနစ် ဖယ်ရှား၍ အရပ်သားဦးဆောင်သည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးအတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ဒီမိုကရေစီ မဟာမိတ်အဖွဲ့များနှင့်အတူ ဆက်လက် တိုက်ပွဲဝင် နေမည်ဖြစ်ကြောင်းနှင့် ကော်သူးလေပြည်သူများနှင့် မြန်မာပြည်သူတရပ်လုံးကလည်း ဆက်လက်ပါဝင် တိုက်ပွဲဝင်ရန် KNU က တိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး