ဖားဆောင်းသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းမှ တပ်ရင်းမှူးအပါ ၆၀ နီးပါး ဖမ်းဆီးခံရ

ဂျူချန်း

(မဇ္ဈိမ)။ ။ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့မှ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ရာ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၅၆ ဦး ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိထားကြောင်း ရှေ့တန်းသတင်းရင်းမြစ် နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) (ကလလတ) ထံက သိရသည်။

“ဘောလခဲကနေ ထိုးလာပါတယ်။ ၁၀၉ ယောက်မှာ ကိုးယောက်ပဲလွတ်သွားတယ်” ဟု ကလလတ မှ ဒုတပ်ရင်းမှူးတဦးက မဇ္ဈိမကို ပြောသည်။
အင်အား ၁၀၉ ဦးပါ ထိုစစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က န ဧပြီလ ၁၁ ရက်နေ့တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၅၆ ဦး အရှင်ဖမ်းမိပြီး ကိုးဦး လွတ်မြောက်သွားကာ ကျန်သူများမှာ တိုက်ပွဲအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

“မနက် ၄နာရီခွဲကနေစတာ ဟိုး ညနေခင်း ၃နာရီမှပြီးတယ်။ စစ်ကြောင်းတကြောင်းလုံး အပျောက်ပဲ” ဟု ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောသည်။ ယင်းစစ်ကြောင်းတွင် စကခ(၂) လက်အောက်ခံ တပ်ရင်းများနှင့် တပ်မ(၆၆) လက်အောက်တပ်ရင်းမှ စစ်ကောင်စီတပ်သားများ အပါအဝင် အရာရှိအဆင့်များပါရှိကြောင်း သိရသည်။ လက်ရှိတွင် ဖားဆောင်းမြို့တွင်းကို စစ်ကောင်စီ လက်လွှတ်ထားရပြီး ဖားဆောင်းအခြေစိုက် ခလရ(၁၃၄) နှင့် ခလရ(၁၃၅) တပ်စခန်းနှစ်ခုသာ ကျန်ရှိနေရာ ယင်းစခန်းများ၏ ကာကင်းစခန်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းယူထားနိုင်ပြီဖြစ်ကြောင်း ဖားဆောင်းတိုက်ပွဲမှ ရဲဘော်တဦးက ပြောသည်။

“တပ်စခန်းတွေရဖို့ ကြိုးစားဆဲပေါ့။ ၁၃၄၊ ၁၃၅ တပ်အပြင် နဲ့ ကာကင်းတွေတော့ ရထားပြီးပြီ” ဟု ရှေ့တန်းရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။ဖားဆောင်းမြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ၌ တော်လှန်ရေးတပ်ဖွဲ့က နေရာယူထားပြီး စစ်ကောင်စီတပ်စွဲရာ စေတီကုန်း(ပါပု)၊ စေတီကုန်း(၂)၊ ရဲစခန်းတံတား၊ စစ်ဆေးရဲဂိတ် နှစ်ခု၊ မြို့နယ်ခမ်းမ၊ ထီးထာ၊ မော်ချီးစစ်ဆေးရေးဂိတ်နှင့် မော်ချီးကုန်းစခန်း ကို သိမ်းပိုက်ထားနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က မတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖားဆောင်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပူးပေါင်းတပ်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ဖားဆောင်းမြို့နယ်သည် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မယ်စဲ့မြို့နှင့် ထိစပ်နေပြီး လက်ရှိတွင် ဖားဆောင်းမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်များမှ ကြိုးပမ်းနေကြရာ ခဲယမ်းများလည်း လိုအပ်လျက်ရှိပြီး စစ်ကောင်စီဘက်တွင်လည်း ဖားဆောင်းမြို့ လက်မလွှတ်ရေးအတွက် အပြင်းအထန် ခုခံနေကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် ၁၁၁၁ စစ်ဆင်ရေးအတွင်း မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းမယ်ခုံ စသည့်မြို့များကို သိမ်းပိုက်ထားနိုင်ပြီး သံလွင်အရှေ့ခြမ်းဒေသ နှင့် ထိုင်း-ကရင်နီ နယ်စပ်တလျှောက်ကို တော်လှန်ရေးတပ်ဘက်မှ အလုံးစုံ ထိန်းချုပ်ထားနိုင်ကြောင်း KNDF ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကို ပြောကြားထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး