မီဇိုရမ်တွင် မြန်မာနိုင်ငံသားနှင့် ဒေသခံထံမှ ဘိန်းဖြူ ၅ကီလိုကျော်ဖမ်းဆီးမိ

ပုံအညွှန်း - ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများ(ဓါတ်ပုံ - မီဇိုရမ် ယစ်မျိုးဌာန)

ပုံအညွှန်း – ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများ(ဓါတ်ပုံ – မီဇိုရမ် ယစ်မျိုးဌာန)

ပါခွီး

(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊အိုက်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားတဦးနှင့် ဒေသခံတဦးထံမှ ဘိန်းဖြူ ၅ ဒသမ ၄၂၇ ကီလိုဂရမ် ဖမ်းဆီးရမိကြောင်း မီဇိုရမ် ယစ်မျိုးဌာနက ထုတ်ပြန်သည် ။

အိုက်ဇောလ်မြို့ ဖောက်လဲန်းရပ်ကွက်၌ ဆပ်ပြာဗူး ၄၄၀အတွင်း ထည့်သွင်းထားသော ဘိန်းဖြူများကို ပိုင်ရှင်ဟုယူဆရသူ အမျိုးသားနှစ်ဦးထံက ဧပြီလ ၃ရက် နံနက် ၁၀နာရီ ၃၀မိနစ်အချိန်ခန့်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါဘိန်းဖြူများကို မြန်မာနိုင်ငံဘက်မှ အဝတ်အစားဟောင်း (Second Hand) ဘေထုတ်ထဲတွင်ထည့်ကာ သယ်ဆောင်လာသည့် ကားတစီးနှင့်အတူ အိန္ဒိယနိုင်ငံ ထြိပူရ ပြည်နယ်သား လားနွန်မောရာ (၃၈နှစ်) နှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း ခါမ်းပါတ်မြို့ မှ ဟုဆိုသည့် လားကြွယ်လျန်နာ (၃၄ နှစ်)တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အခုလိုဘိန်းဖြူတွေ ဖမ်းမိနေတာတွေက ကျနော်တို့ကို မီဇိုလူမျိုးတွေက အမြင်စောင်းပြီး သဘောထားပြောင်းမှာကို စိုးရိမ်ပါတယ် ၊ ကျနော်တို့က ဧည့်သည်တွေဆိုတော့ အိမ်ရှင်တွေမကြိုက်တဲ့အလုပ်ကို မလုပ်ကြတာအကောင်းဆုံးပါပဲဗျာ” ဟု မြန်မာစစ်ဘေးရှောင်တဦးက မဇ္စျိမကိုပြောသည်။

ပုံအညွှန်း - ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများ(ဓါတ်ပုံ - မီဇိုရမ် ယစ်မျိုးဌာန)

မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများ မူးယစ်ဆေးဝါးမှုအပါအဝင် အခြားပြစ်မှုကျူးလွန်တိုင်း အနေအထိုင်ကျပ်တည်းပြီး ဒေသခံများက စည်းကမ်းချက်များ ထုတ်လေ့ရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ ပြစ်မှုကျူးလွန်သူများကို အပြစ်ဒဏ်ပြင်းပြင်းထန်ထန် ချမှတ်စေလိုကြောင်း မြန်မာစစ်ဘေးရှောင်က ဆက်ပြောသည်။

ဘိန်းဖြူသယ်ဆောင်လာသူနှစ်ဦးကို စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ အက်ဥပဒေ ၁၉၈၅ အရ တရားစွဲဆိုထားပြီး အကယ်၍ ပြစ်မှုထင်ရှားပါက တရားရုံးမှ ထောင်ဒဏ် ၁၀နှစ်မှ ၂၀နှစ်ထိ ချမှတ်နိုင်သည့်အပြင် ရူပီးငွေ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ ငွေဒဏ်ကိုလည်း ပူးတွဲချမှတ်နိုင်ကြောင်း သိရသည်။

မတ်လ ၂၉ရက် ည ၁၀နာရီအချိန်ကလည်း အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်သို့ သယ်ဆောင်ရန်အတွက် သိုလှောင်ထားသော ဆပ်ပြာဗူး ၂၂၈အတွင်းထည့်သွင်းထားသည့် ဘိန်းဖြူ ရူပီး သိန်း ၈၀ကျော်တန်ဖိုးကို ရိဒ်ခေါ်ဒါမြို့တွင် ဟွားငိုလ်းရမ်း ပြည်သူ့ရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့သေးသည်။

ပုံအညွှန်း - ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများ(ဓါတ်ပုံ - မီဇိုရမ် ယစ်မျိုးဌာန)

ချင်းပြည်ကောင်စီကလည်း အိန္ဒိယနယ်စပ်တလျောက်မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုများ တားဆီးနှိမ်နင်းရေးကို အလေးထားဆောင်ရွက်သွားရန် မတ်လ ၁၈ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာစစ်ဘေးရှောင်များအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဥပဒေများကို လေးစားလိုက်နာပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများ၏ အသုံးချခံမဖြစ်ကြရန်နှင့် ရောင်းဝယ်မှုသတင်းများရရှိပါက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များသို့ သတင်းပေးတိုင်ကြားရန် အသိပေးထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)