စစ်ကောင်စီစစ်ကြောင်းများ အာရှလမ်းမှတဆင့် ကော့ကရိတ်မြို့တွင်းသို့ ရောက်ရှိ

ပုံအညွှန်း- စစ်ကောင်စီက လေကြောင်းမှ ကြဲချခဲ့သည့် ဗုံးသီးတလုံး (ဓါတ်ပုံ- ပေးပို့)

ပုံအညွှန်း- စစ်ကောင်စီက လေကြောင်းမှ ကြဲချခဲ့သည့် ဗုံးသီးတလုံး (ဓါတ်ပုံ- ပေးပို့)

YT

(မဇ္ဈိမ)။ ။ သံချပ်ကားများပါသော စစ်ကောင်စီစစ်ကြောင်းသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သို့ ရောက်ရှိနေပြီး လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

ဧပြီလ ၁၀ ရက်နေ့မှစ၍ မွန်ပြည်နယ်ဘက်မှ လာသည့် ကားအစီးရေ ၂၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့ (ဧပြီလ ၁၂ ရက်နေ့) တွင် ကော့ကရိတ်မြို့နယ်ဘက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းမှနေ၍ ကော့ကရိတ်မြို့နယ်ရှိ လှိုင်ဝ၊ ခလရ (၉၇)၊ ရေကူးကန်၊ ကော့နွဲ့၊ ရွာသစ်ကုန်း စသည့် နေရာများသို့ မစ်ဇိုင်းဒုံးကျည်များ အပါအဝင် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိကြောင်းနှင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

” တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တာ၊ လေယာဉ်နဲ့လည်း ပစ်တယ်။ မနေ့က ကျွန််မတို့ရွာကို ပစ်ထုတာ။ လူတော့ မထိဘူး။ အခု ရွာထဲမှာရော၊ မြို့ထဲမှာရော ကလေးတွေ (KNLA၊ PDF) မရှိတော့ဘူး။ စကစတွေ တင့်ကားတွေနဲ့ ရှိနေပြီ” ဟု ရွာသစ်ကုန်းမှ ဒေသခံအမျိုးသမီးတဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ KNLA ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီအထိုင်ချတပ်စခန်းများကို တိုက်ခိုက်ရာမှ တိုက်ပွဲများ စတင်ပြင်းထန်လာခဲ့ပြီး ကော့ကရိတ်မြို့​၏ ၆၀ ရာခိုင်နှုန်းကို လေးလကျော်ကြာ ထိန်းချုပ်ထားခဲ့သည်။

လက်ရှိတွင် ကော့ကရိတ်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ နေရာယူထားခဲ့သည့် နေရာအချို့ကို စစ်ကောင်စီက ပြန်လည်ရယူသွားပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

” ရထားတဲ့ နယ်မြေတွေကို လိုအပ်ချက်တွေရှိနေလို့ ပြန်ပေးလိုက်ရတာ ကြီးကြီးမားမားဆုံးရှုံးစရာမရှိပါဘူး။ ပြောက်ကျားစစ်ကနေ မြို့သိမ်းတိုက်ပွဲအဆင့် မတက်နိုင်သေးတော့ ပြောက်ကျားစစ်နဲ့ပဲ ဆက်သွားနေအုံးမှာပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ​၏ မဟာဗျူဟာလေ့လာရေး မှတ်တမ်းဌာနတာဝန်ခံက ပြောသည်။

ယနေ့ (ဧပြီလ ၁၃ ရက်) နေ့လယ် ၂ နာရီမေးမြန်းချက်အရ စစ်ကောင်စီစစ်ကြောင်းသည် အာရှလမ်းအတိုင်း မြဝတီမြို့နယ်ဘက်သို့ တက်လာနေကြောင်း သိရသည်။

ကော့ကရိတ်မြို့နှင့် တဆက်တည်းရှိနေသည့် မြဝတီမြို့နယ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) လက်အောက်ခံ သင်္ဃန်းညီနောင်ဗျူဟာ၊ ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇) စသည့် သင်္ဃန်းညီနောင် အခြေစိုက် တပ်ရင်းများနှင့် မြဝတီမြို့စောင့်တပ် ခလရ (၂၇၅) ကို ဆုံးရှုံးထားရသည့် စစ်ကောင်စီတပ်သည် မြဝတီမြို့ကို လက်မလွှတ်ရရေးအတွက် မြေပြင် စစ်ကူများ ပေးပို့နေကြောင်း KNU ဗဟိုက ယမန်နေ့က သတင်းထုတ်ပြန်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး