မြင်းခြံမြို့နယ် ကိုင်းရွာရှိ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီး

ပုံအညွှန်း-မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာ မီးရှို့ခံရစဉ်။(ပုံဟောင်း)

ပုံအညွှန်း-မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာ မီးရှို့ခံရစဉ်။(ပုံဟောင်း)

လွှမ်းမိုး

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကိုင်းရွာရှိ လူနေအိမ်များကို ယနေ့ဧပြီလ ၂၁ ရက် နံနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံထံမှ သိရသည်။

ပုံအညွှန်း-မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာ မီးရှို့ခံရစဉ်။(ပုံဟောင်း)

“စစ်ကြောင်း သုံးကြောင်းခွဲပြီး ရွာထဲကို ဝင်လာကြတယ်။ ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခြင်း မရှိဘဲ မီးရှို့သွားတာပါ။ ရွာရဲ့ နေရာသုံးခုလောက်ကနေခွဲပြီး မီးရှို့သွားတာ ဖြစ်တယ်” ဟုဒေသခံက အမျိုးသမီးက ပြောသည်။

ကနဦးရရှိထားသည့် အခြေအနေအရ လူနေအိမ်ပေါင်း ၂၀၀ခန့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့သည့် အရေးပေါ်စစ်ရှောင်လာသူ အသက် ၇၀ အရွယ် ရွာခံအမျိုးသမီးတဦးကိုပါ သေနတ်ဖြင့် ပစ်သတ်သွားသည်ဟု ၎င်းကဆိုသည်။

ပုံအညွှန်း-မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာ မီးရှို့ခံရစဉ်။(ပုံဟောင်း)

“ရုတ်တရက် ထွက်ပြေးကြရတော့ ဆိုင်ကယ်လေး ၊ လှည်းလေးနဲ့ အဝတ်အစား လောက်ယူခဲ့ပြီး ကျန််တာ ဘာမှကို မယူနိုင်ကြဘူး။ လှောင်ထားတဲ့ ရိတ်သိမ်းသီးနှံတွေအကုန် မီးထဲပါသွားပါပြီ။ လုပ်ကိုင်စားဖို့ မလွယ်တော့ပါဘူး” ဟု စစ်ရှောင်အမျိုးသမီးက ပြောသည်။

အင်အား ၁၅၀ ခန့်ပါရှိသည့် အဆိုပါစစ်ကြောင်းသည် ဧပြီ ၂၀ ရက်နေ့တွင် မြင်းခြံမြို့နယ် ဆင်ချောင်းရွာ(တောင်)မှ နေအိမ် ၆၀၊ ဆင်ချောင်းရွာ(မြောက်)မှ နေအိမ် ၅၀၊ ရန္တပို ၊ ဥဒယရွာမှ နေအိမ် သုံးလုံးနှင့် ယနေ့တွင် ကိုင်းရွာ(မြောက်)မှ နေအိမ်များကို နှစ်ရက်အတွင်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။

ပုံအညွှန်း-မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာ မီးရှို့ခံရစဉ်။(ပုံဟောင်း)

လက်ရှိ မြင်းခြံမြို့နယ် အနောက်ခြမ်းရှိ ဆင်ချောင်း ၊ ရန္တပို ၊ ဥဒယ ၊ ကိုင်း(မြောက်) ရွာ နှင့် ညောင်တိုကျေးရွာများမှ ဒေသခံ ၁၀၀၀၀ ခန့် နေရပ်စွန့်ခွါ စစ်ရှောင်နေရကြောင်း ဒေသခံများနှင့် ကာကွယ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ