အားကစားရုံတွင်း ပျားအုံစွဲမှုကြောင့် မေဂျာလိဂ် ဘေ့စ်ဘောပွဲစဉ်ကို ၂ နာရီကြာ နောက်ဆုတ်ခဲ့ရ

ဘီဘီစီ

အမေရိကန် မေဂျာလိဂ် ဘေ့စ်ဘော ပြိုင်ပွဲ Arizona Diamondbacks အသင်းနှင့် Los Angeles Dodgers တို့၏ ဘေ့စ်ဘောပွဲစဉ်တွင် အားကစားရုံအတွင်း ပျားအုံစွဲမှုကြောင့် ပွဲချိန်ကို အချိန်နှစ်နာရီ နီးပါးကြာ နောက်ဆုတ်ခဲ့ရသည်။

ပွဲစဉ်စတင်ရန် စီစဉ်ထားသည့်အချိန် မတိုင်မီ ငါးမိနစ်ခန့်တွင် ပျားအစုအဖွဲ့တခုက ကွင်းတွင်း အကာအကွယ် ပိုက်ကွန်ရက်ထိပ်သို့ ရောက်ရှိနေခဲ့သည်။

ယင်းအတွက်ကြောင့် ပျားမွေးသမား မတ် ဟီလ်တန်ကို ခေါ်ယူခဲ့ရပြီး ဖီးနစ်မြို့ Chase Field အားကစားရုံရှိ ပျားများ အုံဖွဲ့ရာနေရာသို့ ရောက်စေရန် ပေ ၃၀ ခန့် အမြင့်သို့ ‘မ’ပေးခဲ့သည်။

ခြောက်နှစ်အရွယ် သားဖြစ်သူ ဘေ့စ်ဘောပွဲစဉ်တပွဲ ကစားခြင်းကို ကြည့်ရှုအားပေးရန် ရှိနေခဲ့သည့် ဟီလ်တန်သည် ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီး အားကစားရုံသို့ ရောက်လာကာ ပျားများကို ထွက်ခွာစေရန် ဖျန်းမှုတ် ရှင်းလင်းပေးခဲ့သည်။

“ဒီ ပွဲစဉ်ကို ကစားစေဖို့က တကယ့်ကို အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ Diamondbacks အသင်းရဲ့ အားကစားကွင်းမှာ ပျားပြဿနာတခု ပေါ်တယ်လို့ ကြားကြားချင်း ကျွန်တော်တို့ဟာ ဒါကို ရှင်းလင်းဖို့ ကြိုးစားခဲ့တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဟီလ်တန် ပျားများကို ရှင်းလင်းနေချိန် ပရိသတ်က ဩဘာပေးခဲ့သလို Bonnie Tyler ၏ “Holding out for a hero” သီချင်းကိုလည်း စပီကာများဖြင့် ဖွင့်ပေးခဲ့သည်။

“ခုလို ဩဘာပေးတာမျိုးကိုတော့ ကျွန်တော် မမျှော်လင့်မိခဲ့ပါဘူး။ ကျွန်တော်လုပ်ရမယ့်ကိစ္စ ကျွန်တော်လုပ်‌ရုံပဲလို့ တွေးခဲ့ပါတယ်။ ဒါပေမယ့် ဒါက ပျော်ဖို့ ကောင်းပါတယ်” ဟု ပွဲစဉ် ကစားစေရန် အခမ်းအနားဆိုင်ရာ ပထမဆုံး ဘောလုံးကို ပစ်ပေးခဲ့သည့် ဟီလ်တန်က ပြောသည်။

အရီဇိုးနားပြည်နယ်တွင် အလွန်အမင်း ပူပြင်းသော အပူချိန်များအောက် အထူးသဖြင့် ပျားများကြောင့် လေ့ကျင့်ရေး ပွဲစဉ်တချို့ကို နောက်ဆုတ်ရွှေ့ဆိုင်းရမှုများ ရှိခဲ့သည်။

Chase Field အားကစားရုံတွင် ပြန်ရုပ်နိုင်၊ သွင်းနိုင်သော အမိုးတခု ရှိသော်လည်း ယင်းကို ဧပြီ ၃၀ ရက်က ဖွင့်ထားခဲ့သည့်အတွက် ပျားများ ဝင်ရောက်၍ ရနိုင်ခဲ့ခြင်း ဖြစ်သည်။