နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၁ ဧပြီ ၂၀၂၄)

ပုံအညွှန်း- ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသည့် မြဝတီဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

ပုံအညွှန်း- ထိုင်းနိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသည့် မြဝတီဒေသခံများ (ဓါတ်ပုံ- လူမှုကွန်ရက်)

အမျိုးသား ညီညွတ်ရေး အစိုးရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ရိုဟင်ဂျာများကို အဓမ္မ စစ်သား အဖြစ် စုဆောင်းနေမှု၊ လူမျိုးရေးပဋိပက္ခအရှိန်မြင့်တက်စေရန် ဖိအားပေး၍ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေမှု၊ လူမျိုးစုအချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှု၊ နားလည်သည်းခံ မှုတို့ဖြင့် သတိထားကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက ဧပြီ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန် သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ် မဲသရောထစခန်း သို့ ဝင်ရောက်မတိုက်ခိုက်မီ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး သက်နိုင်ဦးသည် ဧပြီ ၁၅ ရက်က လက်နက် နှင့်တကွ အလင်းဝင်ရောက်လာသဖြင့် မြန်မာငွေကျပ်သိန်း ၈၀ နှင့်ညီမျှသည့် ဘတ်ငွေ ၈ သောင်းချီးမြှင့် ခဲ့သည်ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးအဖွဲ့- SOF က ပြောသည်။

နေပြည်တော်တိုင်းစစ်ဌာန အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်း အခမ်းအနားကို ဧပြီ ၂၀ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ဧပြီ ၁၈ ရက်၊ နံနက်ပိုင်းက စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းနေသော ရာအိမ်မှူး အောင်ကျော် နံပြား ရောင်းနေစဉ် ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြေင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း- ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ယနေ့ ဧပြီ ၂၁ ရက်၊ နံနက် ၇ နာရီခန့်က စစ်ကောင်စီ လေယာဉ် များက မြို့နှင့်အလွန်နီးကပ်သော နေရာများအထိ ဗုံးကျဲမှုများ ပြုလုပ်လာပြီး ပြည်သူများအားလုံး မြို့ကို စွန့်ခွာထွက်ပြေးနေရကြောင်း မြဝတီမြို့မှ စစ်ဘေးရှောင်ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တိုက်ပွဲများ ဖြစ်ပေါ်နေပြီးနောက် ဧပြီ ၂၀ ရက်က ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်ကို စစ်ရှောင်ပြေးလာသူ ၁၅၀၀ ခန့် ရှိသည်ဟု သွားရောက်လေ့လာခဲ့သူများက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ဘေးရှောင်လာသည့် ကားတစ်စီး ပစ်ခတ်ခံရပြီး မိန်းကလေး နှစ်ဦး သေဆုံးကာ မိဘ နှစ်ပါး ဒဏ်ရာရခဲ့ကြောင်း မြဝတီမြို့မှ ပြည်သူများက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ် အခြေအနေများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရန် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်သည် ဧပြီ ၂၃ ရက်တွင် မဲဆောက်မြို့သို့ လာရောက်မည်ဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများ၏ သတင်း ဖော်ပြချက် အရ သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် မြန်မာပြည်သူများကို ဗုံးကျဲပစ်ခတ်နေသော မြန်မာစစ်ကောင်စီ လေယာဉ်များ ထိုင်းလေပိုင်နက်ကို ကျူးကျော်မှုမရှိစေရန် ၂၄ နာရီ စောင့်ကြည့်နေကြောင်း ထိုင်းသတင်း မီဒီယာများ နှင့် စစ်ဘက်ဆိုင်ရာလူမှုကွန်ရက် စာမျက်နှာများက သတင်းဖော်ပြထားသည်။

ထိုင်းအစိုးရအနေဖြင့် မြန်မာအကြမ်းဖက်စစ်တပ်၏ ဖိစီးနှိပ်စက်မှု၊ ညှဉ်းပန်းမှု နှင့် စစ်မှုထမ်းစေခိုင်းခြင်း အန္တရာယ်ကြုံနေရသည့် ထိုင်းရောက်မြန်မာနိုင်ငံသားများကို ပညာရေး သို့မဟုတ် အလုပ်ဗီဇာများ သက် တမ်းကုန်ဆုံးပါက မြန်မာနိုင်ငံသို့ ပြန်မပို့ဘဲ နိုင်ငံရေးခိုလှုံခွင့်ပေးရန် ထိုင်းအသိပညာရှင် နှင့် အတတ် ပညာရှင် ၆၉ ဦးက ထိုင်းအစိုးရထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ကြသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၂၁ ရက်တွင် စစ်အာဏာရှင်ဖြုတ်ချ‌ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် နေရပ်စွန့်ခွာ စစ်ရှောင်ကလေးများအတွက် စာသင်ဆောင် ၅ ဆောင် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ်သပိတ် စစ်ကြောင်းသည် ရဲဘော် မင်းမင်းထက်(ခ)ဖက်တီး ကျဆုံးခြင်း ၁၀ လပြည့် ဝမ်းနည်းခြင်းအခမ်းအနား ကျင်းပခြင်း နှင့် အကြမ်းဖက် စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုလောင်ရွာတွင် ဧပြီ ၂၀ ရက်၊ နံနက် ၈ နာရီခွဲခန့်က လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲကာ ဒေသခံအမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ချင်းတွင်းမြစ်ကမ်းဘေး သပိတ်ခေါင်းဆောင်ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်၍ အထိုင်ချ တပ်စွဲထားသော စစ်သား ၇၀ ခန့်ကို ဧပြီ ၁၅ ရက်၊ ညနေပိုင်းက Wings of ShweBo Drone Force တပ်ဖွဲ့ နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု ရှိသည်ဟု ဒေသတော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မရဲစခန်း၊ မြို့နယ်တရားရုံး၊ ထွေအုပ်ရုံးတို့အပါ အဝင် နေရာ ၅ ခုကို ဧပြီ ၁၇ ရက်၊ ညနေ ၄ နာရီခွဲခန့်က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး၍ စစ်ထဲပို့ဆောင်နေသူ ရာအိမ်မှူး နှစ်ဦး ဧပြီ ၁၉ ရက်၊ ည ၁၂ နာရီကျော်ခန့်က ရေတာရှည်မြို့မရဲစခန်းအနီး ကရင်ချောင်း လမ်းမပေါ်တွက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် ဧပြီ ၁၇ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ် ခန့်က တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးခန့် သေဆုံးကာ တော်လှန်ရေး ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း ပုဝါနီ စစ်ကြောင်းထံ မှ သိရသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီး စခန်း နှင့် စစ်တပ်က တပ်စွဲထား သော နေရာများကို ဧပြီ ၁၉ ရက်၊ မွန်းလွဲပိုင်းက တစ်ပြိုင်တည်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ လေးဦး သေဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်တွင် အကျဉ်းသားများ အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှု များ အမြန်ဆုံး ရပ်တန့်ရန် တောင်းဆိုသည့် “သံဖြတ်လွှ” ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုကို ဧပြီ ၂၀ ရက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးဆောင်ပြီး ကျင်းပ ပြုလုပ်ခဲ့ သည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်များ မူးယစ်ဆေးဝါးရောင်း ဝယ်မှုတွင် မပတ်သက်ကြရန် အပါအဝင် စစ်ဘေးရှောင်များ လိုက်နာရန် သတိပေးချက်များကို မီဇိုရမ် လူငယ်အသင်း (YMA) က ထုတ်ပြန်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ ဦးဝင်းမြင့်တို့သည် လက်ရှိ ရာထူး တာဝန်များ ဆက်လက်တည်မြဲနေဆဲဖြစ်ပြီး မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားရန် မြန်မာ၊ ထိုင်း နှင့် နိုင်ငံတကာ အရပ်ဘက်အဖွဲ့ ၃၁၂ ခုက ထိုင်းအစိုးရထံသို့ အိတ်ဖွင့်ပေးစာပေးပို့တောင်းဆိုလိုက်ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ ဘုက်ဂူကွင်းတွင် တော်လှန်ရေး ရန်ပုံငွေ ထောက်ပို့နိုင်ရေး ဖလား ဘောလုံးပြိုင်ပွဲ နှင့်အတူ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သတ်ရွာ နှင့် သံကလောင်ရွာတွင် ဧပြီ ၁၉ ရက်၊ နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိခဲ့သည်ဟူ မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) အဖွဲ့ ပြောခွင့်ရ နိုင်ဗညားမွန်က ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တအောင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ် တစ်နေရာတွင် PSLF/TNLA ၏ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် ၂ ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ တောထဲတစ်နေရာတွင် ဧပြီ ၁၄ ရက်က အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၄၂၃ တပ်ရင်းမှ တပ်သား ညီညီနိုင်ဆိုသူက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ချိန်ရွယ်ဖမ်းဆီးကာ မုဒိမ်းကျင့်ရန် ကြံစည်မှု ဖြစ်ပွားခဲ့သည်ဟု PNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံမှ သိရသည်။

မြဝတီမြို့သို့ စစ်ကူအဖြစ် ပို့လိုက်သည့် စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ကြောင်း ရောက်ရှိနေသော ကော့ကရိတ်မြို့တွင် ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများ ရှိနေကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကျားဖြူစစ် ကြောင့်ထံမှ သိရသည်။

ပြည်သူများ၏ အကူအညီထောက်ပံ့မှုများကြောင့် လက်နက်ကြီးများအပါအဝင် လက်နက်တစ်ရာကျော် တပ်ဆင်နိုင်ခဲ့သည်ဟု PDF-Zoland အဖွဲ့က ဧပြီ ၁၉ ရက်က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လိုက်သည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ၌ ကချင်းလွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်း တပ် နှင့် စစ်ကောင်စီတပ်တို့ ဧပြီ ၂၁ ရက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဆယ်ဇင်း ဒေသခံ များက ပြောသည်။

စစ်ကောင်စီ

ဝင်ငွေတိုးတက်ရရှိရေးအတွက် ထုတ်လုပ်ထားရှိသည့် ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချရန် စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဧပြီ ၂၀ ရက်က အမှတ် ၈ အထည်စက်ရုံ (ပျော်ဘွယ်) နှင့် အမှတ် ၈ အထည်စက်ရုံခွဲ (ရမည်သင်း) တို့ကို ကြည့်ရှုစစ်ဆေးစဉ် ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဓာတ်အား ၁၄ မဂ္ဂါဝပ်ခန့် ထုတ်နိုင်သည့် ဆိုလာလျှပ်စစ် ဓာတ်အား စနစ်ကို အဆင့်လိုက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကောင်စီလက်အောက် ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကစပြီး ဆီထွက်သီးနှံစိုက်ပျိုးဧက ၃ သန်းကို ဆီထွက်သီးနှံအထူးဇုန်အဖြစ် စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

သင်္ကြန်ကာလတွင် ယာယီရပ်နားထာသည့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်များကို ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရန်ကုန်ဘူတာကြီးမှ သိရသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် မြစ်ကြီးနားအကျဉ်းထောင်ကနေ ဧပြီ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာ သည့် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာ ခလမ်ဆန်ဆွမ်ကို နေအိမ်ကနေ ခေါ်ဆောင်သွားခြင်းသည် ပြန် လည် ဖမ်းဆီးခြင်း မဟုတ်ဘဲ ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်ရေးတင်းမာလျက်ရှိပြီး ယနေ့ ဧပြီ ၂၁ ရက်၊ နံနက်ပိုင်းက ညောင်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၁၅ ချက်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ပြင်ဦးလွင်မြို့ ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယမန်နေ့ ဧပြီ ၂၀ ရက်က လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ နှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် AA အလိုမရှိကြောင်း ဆန္ဒပြရန် နှင့် ဆန္ဒမပြပါက နေအိမ်များအား မီးရှို့ဖျက်ဆီးb မည်ဟု စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အစိုးရ နှင့် စစ်တပ်အရာရှိများက ခြိမ်းခြောက်အကျပ် ကိုင်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် ရိုဟင်ဂျာနှင့် နီးစပ်သူများက ထုတ်ဖော်ပြောဆိုသည်။

ဧပြီ ၂၁ ရက် သုံးသပ်ချက်

ရခိုင်ဒေသတွင် နယ်မြေလက်လွတ်ဆုံးရှုံးနေရသည့် စစ်ကောင်စီတပ်သည် ဒေသတွင်း နေထိုင်သူများ အချင်းချင်းကို ဘာသာရေး လူမျိုးရေး ပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေပြီး မီးမွှေးရန် တိုက်ပေးနေသည်ကို တွေ့ရသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် တိုက်ပွဲများ အရှိန်မြင့်တက်လာနေပြီး စစ်တပ်က လူနေနေရာများထိ လေကြောင်းဗုံးကျဲမှုများ ပြုလုပ်လာသည့်အတွက် မြို့ပေါ်နေသူများ တစ်ဖက်နိုင်ငံဘက်ကို စစ်ဘေး ရှောင် ထွက်ပြေးနေမှု များပြားနေသည်။