မြစ်ကြီးနားထောင်တွင်း သေနတ်ဖြင့်ပစ်ခတ်ချေမှုန်းမှု ၄ ဦးသေ၊ ၈ ဦးဒဏ်ရာရ

မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုကို သေနတ်ဖြင့်ပစ်ခတ်ချေမှုန်းခဲ့ရာက သေဆုံးသွားသူများ၏ ဈာပနကို ဧပြီ ၂၁ ရက်နေ့က ပြုလုပ်စဉ်။

မဇ္ဈိမ

မြစ်ကြီးနားအကျဉ်းထောင်ဆူပူမှုကို သေနတ်ဖြင့်ပစ်ခတ်ချေမှုန်းသဖြင့် နိုင်ငံရေးပြစ်မှုဖြင့် ထောင်ကျနေသူနှစ်ဦးအပါအဝင် လူလေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

ဧပြီ ၁၈ ရက်နေ့ည ပစ်ခတ်မှုကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ငါးနှစ်ချခံထားရသူ ကိုအောင်နိုင်ထွန်း (အသက် ၂၄ နှစ်)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၄ ဖြင့် ၁၀ နှစ်ထောင်ချခံနေရသော ကိုကျော်စိုးဝင်း (အသက် ၂၄ နှစ်)၊ မူးယစ်ဆေးဝါးဖြန့်ဝေရောင်းချခြင်းနှင့်သက်ဆိုင်သော ပုဒ်မ ၁၉ (က) ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချခံထားရသော ကိုထွန်းဝင်း (အသက် ၄၃ နှစ်)၊ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိမှု ပုဒ်မ ၁၆ (ဂ) ဖြင့် ထောင်ဒဏ်ခြောက်နှစ်ချခံထားရသော ကိုညွှန့်ဌေး (အသက် ၄၀ နှစ်)တို့သေဆုံးသွားကြသည်။

လထော်ဇော်ဖန်း၊ အတား၊ ကိုထက်ဇော်ဟိန်း၊ ဂျေဆား၊ ဂျောန်ချော့ခေါလန်း၊ လီဇိုး၊ ခေါင်ဇယ်နှင့် ယိန်းဘောမ်တို့မှာ သေနတ်ဒဏ်ရာရမှုများကြောင့် မြစ်ကြီးနား ကုတင် ၅၀၀ ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူနေခဲ့ရပြီး ၎င်းတို့ဆေးကုသစားရိတ်အတွက် တဦးလျှင် ကျပ်ငါးသိန်းမှ သိန်း ၄၀ အထိ စစ်ကောင်စီ၏ ကချင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့သည်ဟု သိရသည်။