မြ၀တီ လေကြောင်းတိုက်ခိုက်မှု အဆောက်အဦအချို့ပျက်စီး

မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး ဧပြီလ ၂၀ ရက်နေ့က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေသည့်မြင်ကွင်း။

ရွှေနွယ်

ရင်ဆိုင်တိုက်ပွဲများငြိမ်သက်သွားသည့် မြ၀တီမြို့တွင် အမှတ် (၂) တံတားအနီးသို့ စစ်ကောင်စီတပ်က ယနေ့ နံနက်နေ့ကူးကာစက လေကြောင်းတိုက်ခိုက်မှုလုပ်သဖြင့် အဆောက်အဦအချို့ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု ဒေသခံများအပြောအရသိရသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ဆက်သွယ်ထားသော တံတားနှင့် မိုင်ဝက်ခန့်ဝေးသောနေရာသို့ နံနက် ၁ နာရီမထိုးခင်အချိန်အတောအတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုစတင်ခဲ့ပြီး Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဒုံးကျည်များကပစ်ခတ်မှုဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုက ကြက်သွန်ဂိုဒေါင်တလုံးမီးလောင်ဆုံးရှုံးသွားပြီး နေအိမ်အချို့ပျက်စီးမှုလည်းရှိခဲ့သည်။

“ပထမအလုံးက အသံအကျယ်ကြီးနဲ့ ပေါက်ကွဲသံ ရှည်ရှည်ကြားလိုက်ရတယ်။ နောက် ငါးလုံးက ဆက်တိုက်ကျတာ ဒုန်း ဒုန်း ဒုန်းဆိုတဲ့အသံမျိုးနဲ့” ဟု ဒေသခံတဦးက ပြောသည်။

လူသုံးဦးသေဆုံးသည်ဆိုသော သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြု၍မရပါ။

ဗုံးနှင့် ဒုံးကျည်ကျရောက်သောနေရာများက အမှတ်(၂) တံတားနှင့် အစောပိုင်းရက်များက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပါဝင်သော ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သော ခြေလျင်တပ်ရင်း ခလရ (၂၇၅) တပ်ဝင်းကြားရှိ ဝါးတောဖြစ်သည်။

ခလရ (၂၇၅) ကို စွန့်ခွာထွက်ပြေးလာသွားသော စစ်ကောင်စီတပ်က တံတားအောက် သောင်ရင်းမြစ်ကမ်းဘေးခြံစည်းရိုးတလျောက် ခြေကုပ်ယူကာ စစ်ကူများစောင့်မျှော်နေရာက ဧပြီ ၁၉ ရက်နေ့ညတွင် တော်လှန်ရေးတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများစတင်ဖြစ်ပေါ်ခဲ့သည်။ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူများ အမြောက်အမြားလုပ်ခဲ့မှုဖြစ်ပြီး ဧပြီ ၂၁ ရက်နေ့နံနက်တွင် တိုက်ပွဲရပ်စဲသွားခဲ့သည်။

ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်က ယခင် ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းလဲထားသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) တာဝန်ရှိသူများက တံတားအနီးပတ်ဝန်းကျင်နေ လူထုကို အန္တရာယ်သတိပေးကာ ရှောင်တိမ်းနေထိုင်ရန် မှာကြားထားခဲ့သည်။ အချို့ကတော့ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်ကြသလို အချို့ကတော့ ထိုင်းဘက်ကမ်းကို ကူးသူများလည်းရှိသည်။

မြ၀တီမြို့ထိန်းချုပ်ရေးတိုက်ပွဲများအတွင်း နှစ်ဘက်လုံးမှ ထိခိုက်ဒဏ်ရာရသူများနှင့် အရပ်သား စုစုပေါင်း အယောက် ၁၀၀ ခန့်ကို ထိုင်းနိုင်ငံ မဲဆောက်ဆေးရုံတွင် ဆေးကုသပေးနေကြောင်း ထိုင်းသတင်းဌာနတခုဖြစ်သော Thai PBS ၏ ယနေ့ နံနက်သတင်းတပုဒ်တွင်ပါရှိသည်။

မဲဆောက်ဆေးရုံနှင့် နီးစပ်သူတဦးက ဧပြီ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှထိခိုက်ဒဏ်ရာရသူ ၃၅ ဦးမဲဆောက်ဆေးရုံသို့ ရောက်ရှိလာကြောင်း မဇ္ဈိမကို ပြောသည်။

သောင်ရင်းမြစ်ကို ဖြတ်၍ ထိုင်း-မြန်မာနှစ်နိုင်ငံကို ဆက်သွယ်ထားသော တံတားနှစ်စင်းရှိရာ တံတားအမှတ် (၂)မှာ မြ၀တီမြို့နယ် အမှတ် (၅) ရပ်ကွက် ရေပူကျေးရွာနှင့် မဲဆောက်ကိုချိတ်ဆက်ထားပြီး အမှတ် (၁) တံတားနှင့် သုံးမိုင်ကျော်အကွာအဝေးတွင် တည်ရှိသည်။