ဘာသာရေးဆရာများကို ၂၄ နာရီကြာ ဖမ်းဆီးပြီးနောက် စကစတပ် ပြန်လွှတ်

PCG အဖွဲ့က ပြန်လွတ်လာသူများကို အသင်းတော်ဆီ ပြန်အပ်စဉ် (Photo- မော်ဖောင်းနှစ်ခြင်းအသင်းတော်)

အဂမ်

(မဇ္ဈိမ) ။ ။ ကချင်ပြည်နယ်၊ မြစ်ကြီးနားလေတပ်ဌာနချုပ် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် မော်ဖောင်းကျေးရွာနေ ဘာသာရေးဆရာများ အပါအဝင် ငါးဦးကို ယမန်နေ့ (ဧပြီလ ၂၂ ရက်) ည ၇ နာရီတွင် စစ်ကောင်စီတပ်က ပြန််လွှတ်ပေးလိုက်ကြောင်း အသင်းတော်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ယင်းသည် ဘာသာရေးဆရာများ ဖမ်းဆီးစစ်ဆေးခံရပြီး ၂၄ နာရီအကြာတွင် ပြန်လွတ်လာခြင်း ဖြစ်သည်။

မြစ်ကြီးနားလေတပ်ဌာနချုပ် (ဒေသအခေါ် နမ့်ပေါင်လေတပ်) နှင့် ကားလမ်းတဘက်သာခြားသည့် မော်ဖောင်းကျေးရွာရှိ KBC နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှ ဘာသာရေးဆရာ သုံးဦးနှင့် ကျောင်းစောင့်နှစ်ဦးတို့သည် ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့ (PCG) ၏ အာမခံချက်ဖြင့် ပြန်လွတ်လာခြင်းဟု ဆိုသည်။

“မနေ့ညက (PCG) အဖွဲ့ကနေ ဘုရားကျောင်းဝင်းထိ လာပို့ခဲ့ပါပြီ။ အားလုံးလွတ်မြောက်ပြီ။ အားလုံးက တကယ် ကောင်းကောင်းမွန်မွန်နဲ့ ပြန်လွတ်လာတာပါ။ PCG က ကြားထဲကနေ အာမခံပေးထားတယ်လို့ပဲ သိရပါတယ်” ဟု အသင်းတော်နှင့် နီးစပ်သူက ပြောသည်။

ဖမ်းဆီးခံရသည့် KBC နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှ သိက္ခာတော်ရဆရာ ဦးရှောင်လာ၊ ဆရာဒွမ်ဖောင်းမုန်ဆန်နော်၊ ကက်သလစ်ဘုရားကျောင်းမှ ဆရာလုံဘန်ခေါထန်၊ ကျောင်းစောင့် ဦးလဖိုင်ဂမ်ဒွတ်နှင့် ဦးအင်ဒွပ်ဂမ်တို့ ငါးဦးလုံး ပြန်လွတ်လာခြင်း ဖြစ်သည်။

ယင်းဘာသာရေးဆရာသုံးဦးနှင့် ကျောင်းစောင့်နှစ်ဦးတို့ကို စစ်ကောင်စီတပ်က မည်သည့်နေရာတွင် ဖမ်းဆီးထိန်းသိမ်းပြီး မည်သည့်အကြောင်းအရာများကို စစ်ဆေးမေးမြန်းခဲ့သည်ကိုမှုရှင်းရှင်းလင်းလင်း မသိရပါ။

ဧပြီလ ၁၉ ရက်နေ့တွင် မြစ်ကြီးနားလေတပ်ဌာနချုပ် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရပြီးနောက် ဧပြီလ ၂၀ ရက်နေ့ညတွင် ဌာနချုပ်နှင့် လမ်းတဘက်သာခြားသည့် မော်ဖောင်းကျေးရွာနေ ဘာသာရေးဆရာများနှင့် ကျောင်းစောင့်တို့ကို စစ်ကောာင်စီတပ်က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။

မော်ဖောင်းကျေးရွာသည် ကချင်ရွာကြီးတရွာဖြစ်ပြီး လေတပ်ဌာနချုပ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များရှိတိုင်း ကျေးရွာခံများကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ နောင်နောင်