ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး(ဟောင်း) အမျိုးသမီးကို စစ်ကောင်စီက ထောင် ၁၇ နှစ်ချ

ပုံအညွှန်း-မလွင်ချိုမြင့်

ဂျူချန်း

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် နည်းပညာတက္ကသိုလ်(စစ်ကိုင်း)ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး(ဟောင်း) မလွင်ချိုမြင့် ကို စစ်ကောင်စီလက်အောက်ခံတရားရုံးမှ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်ပြီး မိခင်ဖြစ်သူကိုလည်း ဖမ်းဆီးထားကြောင်း မိသားစုဝင်ထံမှ သိရသည်။

အသက် ၂၇ အရွယ် လျှပ်စစ်အင်ဂျင်နီယာ ဆဋ္ဌမ(နောက်ဆုံး)နှစ် CDM ကျောင်းသူ မလွင်ချိုမြင့်ကို စစ်ကောင်စီလက်အောက်ခံ မန္တလေးမြို့တွင်းရှိ တရားရုံးတခုမှ ယမန်နေ့( ဧပြီလ ၂၄ ရက်)တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၁(ဂ)ဖြင့်ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ-၅၂(ဃ)ဖြင့် ထောင်ဒဏ် ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မလွင်ချိုမြင့်ကို မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

မလွင်ချိုမြင့်ကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီလက်အောက်ခံတပ်များမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကို ဖမ်းဆီးပြီးနောက် တလခန့်အကြာတွင် မိခင်ဖြစ်သူ ဒေါ်ချိုနွယ်ဆန်းကိုလည်း ဖမ်းဆီးသွားကြောင်း မိသားစုဝင်ထံမှ သိရသည်။

“မတရားတာကို တရားတယ်လို့ ဘယ်ပြောလို့ရမလဲဗျာ။ ထောင်ဝင်စာ မတွေ့ရဲအောင် ဖိနှိပ်ထားတယ်။ ရှေ့နေတွေပါ ဖမ်းထောင်ချထားတယ်။ အဲ့လောက်ထိဖိနှိပ်တာ။ အမရှေ့နေတွေပါပြီးတော့ အမေပါသွားတာပဲ” ဟု မိသားစုဝင်ဖြစ်သူက ပြောသည်။

အသက် ၅၆ နှစ်ဝန်းကျင်အရွယ် မိခင်ဖြစ်သူ ဒေါ်ချိုနွယ်ဆန်းကိုလည်း လက်ရှိအချိန်အထိ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

ယခုကဲ့သို့ သမီးဖြစ်သူကို ဖမ်းဆီးကာ မတရားအကျဉ်းချသည့်အပြင် မိခင်ဖြစ်သူကိုပါ ဖမ်းဆီးထားသည့်လုပ်ရပ်သည် လူမဆန်သည့်လုပ်ရပ်ဖြစ်ပြီး ရှုတ်ချကြောင်း နိုင်ငံရေး အကျဥ်းသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“သမီးကိုလည်း ဖမ်းပြီး မအေကိုလည်းဖမ်းတယ်။ အဲ့ဒီအနေအထားမှာ ရှေ့နေကိုပါ ဖမ်းတယ်ဆိုတဲ့လုပ်ရပ်က တော်တော်ကို ရှုတ်ချပါတယ်။ ဒီလို ဖြစ်ရပ်တွေက ထောင်တိုင်းထောင်တိုင်းမှာလည်း ကြုံနေရပါတယ်။ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲအောင်လုပ်တာက အာဏာသိမ်းပြီးတည်းက လုပ်ထားတာပေါ့နော်” ဟု နိုင်ငံရေး အကျဥ်းသူများအဖွဲ့ (WOPP) တည်ထောင်သူ မဇူးဇူးမေယွန်း က ပြောသည်။

စစ်ကိုင်းနည်းပညာတက္ကသလိုလ်ကျောင်းသူ မလွင်ချိုမြင့်သည် လျှပ်စစ်အင်ဂျင်နီယာတန်း ပဥ္စမနှစ်တက်ရောက်နေစဉ် နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းသားများသမဂ္ဂ ၏ ပထမအကြိမ်သက်တမ်းတွင် အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ စစ်အာဏာသိမ်းချိန်တွင်လည်း အကြမ်းမဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူတဦးဖြစ်ကြောင်း သိရသည်။

မလွင်ချိုမြင့်တွင် မွေးချင်း နှစ်ဦး ရှိပြီး ၎င်း၏ မောင်ဖြစ်သူမှာလည်း နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းချိန်မှ ဧပြီ ၂၅ ရက်နေ့အထိ အာဏာသိမ်းမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၂၆,၅၆၅ ဦးအနက် ၅,၄၇၇ ဦးမှာ အမျိုးသမီးများဖြစ်ကာ အမျိုးသမီး ၃,၉၃၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP )မှ ပြုစုထားသည့် အချက်အလက်များအရ သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)