အင်ဒို-ပစိဖိတ်ဒေသ ပူးတွဲ ရေကြောင်းနှင့်လေကြောင်း စစ်ရေးလေ့ကျင့်မှုများအပေါ် တရုတ် ခံပြင်း

Photo:AFP

Vietnam Times

တရုတ်အနေဖြင့် အင်ဒို-ပစိဖိတ်ဒေသ၌ ယင်း၏ ရန်လိုသော လုပ်ဆောင်ချက်များအပေါ်တွင် ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကန်တို့ဘက်မှ အခိုင်အမာ ပြန်လည် ဆန့်ကျင်တုံ့ပြန်နေသည့် အခြေအနေကို သိရှိနိုင်သည်။ စင်စစ်အားဖြင့် ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကန်သည် အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် ပိုနေမြဲ ကျားနေမြဲအခြေအနေကို တဖက်သတ် ပြောင်းလဲရန် တရုတ်၏ ကြိုးပမ်းမှုတိုင်းကို “ပြတ်ပြတ်သားသား တုံ့ပြန်” မည်ဟု ကြုံးဝါးထားရုံတင်မကဘဲ စစ်ဘက်ကာကွယ်ရေး အာဏာပိုင်များအကြား ညှိနှိုင်းဆွေးနွေးမှုမှတဆင့် လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်သွားရန် သဘောတူထားကြသည်။

ယင်းသည် တရုတ်ကို တားဆီးရန် အလားအလာရှိသည့် အချက် ဖြစ်သည် ဆိုသော်လည်း အများစုမှာ အင်ဒို-ပစိဖိတ်ဒေသ၌ ဂျပန်နှင့် ဖိလစ်ပိုင်တို့အပေါ် ထားရှိသည့် သံမဏိသဖွယ် ခိုင်မြဲသော မဟာမိတ်ပြုမှု ကတိကဝတ်များအပေါ် အမေရိကန်၏ ထပ်လောင်းအတည်ပြုမှုနှင့် စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ခေတ်နှင့်အမီ လိုက်မှု အစီအစဉ်တွင် ဖိလစ်ပိုင်ကို ပံ့ပိုးမည့် အမေရိကန်နှင့် ဂျပန်၏ အခြေခံ ဆုံးဖြတ်ချက်တို့ ဖြစ်လိမ့်မည် ဖြစ်သည်။ အမေရိကန်သမ္မတသည် ဖိလစ်ပိုင်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ လုံခြုံရေး လုပ်နည်းကိုင်နည်းတွင် အထူးတလည် ရှင်းရှင်းလင်းလင်း ဖြစ်စေမည့်ပုံပေါ်သည်။ “တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင် လေယာဉ်၊ ရေယာဉ်သင်္ဘောတွေ ဒါမှမဟုတ် စစ်တပ်အပေါ် တိုက်ခိုက်မှုတစုံတရာ ဖြစ်ပေါ်ပါက ဒါဟာ မိမိတို့ရဲ့ အပြန်အလှန် စစ်ဘက်ကာကွယ်ရေး သဘောတူညီချက်ကို တိုင်တည်ပါလိမ့်မယ်” ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောသည်။

ဝါရှင်တန် ဒီစီ၌ မကြာသေးခင်က ပြီးဆုံးသည့် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်အကြား ပထမဆုံးအကြိမ် သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးအတွင်း အဆိုပါ ထုတ်ပြန်ချက်များကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်တရုတ်ပင်လယ်၌ တရုတ်၏ “အန္တရာယ် ရှိပြီး ရန်လိုသော လုပ်ဆောင်ချက်များ” ကြောင့် တရုတ်နှင့် ယင်း၏ အရှေ့တောင်အာရှ အိမ်နီးချင်းများအကြား တင်းမာမှုများ မြင့်တက်ခဲ့ချိန်တွင် ထိုထိပ်သီးအစည်းအဝေး ပြုလုပ်ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် သည်ဟေ့ဂ်မြို့ အနုညာတ အမြဲတမ်းခုံရုံးက တရုတ်၏ တောင်းဆိုချက်တို့ကို ဆန့်ကျင်လျက် အမိန့်ချမှတ်ထားခဲ့သည်တောင်မှ တရုတ်သည် အနောက် ပစိဖိတ် သမုဒ္ဒရာ၏ စတုရန်း ကီလိုမီတာ ၃ ဒသမ ၅ သန်း ရှည်သည့် ရေထုဧရိယာတခုလုံးကို ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည်။

အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်သည် လွတ်လပ်၍ တံခါးဖွင့်ထားသော အင်ဒို-ပစိဖိတ်ဒေသကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုပြီး ဒေသ၌ တရုတ်၏ နောက်ထပ် ရန်လိုမှုတို့ကို သည်းခံသွားမည် မဟုတ်ဘဲ သုံးနိုင်ငံအကြား ပူးပေါင်း ရေတပ် လေ့ကျင့်မှုများအပါအဝင် ခိုင်မာအားကောင်းသော ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တုံ့ပြန်သွားမည်ဟု ဆိုထားသည်။

တောင်တရုတ်ပင်လယ်၌ အမေရိကန်၊ ဂျပန်၊ ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့ ပါဝင်သည့် မတ်လ ၇ ရက် ပူးတွဲ ရေကြောင်း၊ လေကြောင်း စစ်ရေးလေ့ကျင့်မှုတို့ကြောင့် ခံပြင်း စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသည့် တရုတ်အနေဖြင့် ဒေသ၌ သုံးဦးသုံးဖလှယ်နှင့် ဘက်ပေါင်းစုံ ပါဝင်သော အဆင့်လယ်ဗယ်များဖြင့် နောက်ထပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို မြင်တွေ့ရလိမ့်မည် ဖြစ်သည်။ ယင်းသည် များမကြာမီ ဂျပန်၊ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် အဖွဲ့ဝင်များနှင့်အတူ ယခုနှစ် အင်ဒို-ပစိဖိတ်တွင် စီစဉ်ထားသော အမေရိကန် ကမ်းခြေစောင့်တပ်၏ ကင်းလှည့်မှုနှင့်အတူ စတင်မည် ဖြစ်သည်။

အမေရိကန်သည် ၂၀၂၅ တွင် ဂျပန် ဝန်းကျင်တွင် ပင်လယ်ရေကြောင်း လေ့ကျင့်မှု လုပ်ဆောင်ချက်တခုကို လုပ်ဆောင်ရန် စီစဉ်ထားသည်။ ထိုနှစ်မှာပင် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်သည် ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံမှုကို မြှင့်တင်ရန်နှင့် အချင်းချင်း ပူးပေါင်းချိတ်ဆက်လုပ်ဆောင်မှုကို တိုးတက်စေရန် အင်ဒို-ပစိဖိတ်တွင် သုံးနိုင်ငံ ပူးတွဲလေ့ကျင့်မှုနှင့် အခြားသော ပင်လယ်ရေကြောင်း လုပ်ဆောင်ချက်များ လုပ်ဆောင်ရန် စီစဉ်ထားသည်။ “ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုကို အားပေးဖို့ စုပေါင်း တုံ့ပြန်မှုတွေနဲ့ ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်မှုတို့ကို မြှင့်တင်မယ့် သုံးနိုင်ငံ ပင်လယ်ရေကြောင်း ညှိနှိုင်းဆွေးနွေးမှု ထူထောင်ကြောင်း မိမိတို့ ကြေညာတယ်” ဟု သုံးနိုင်ငံထိပ်သီးအစည်းအဝေး အပြီးသတ်တွင် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် ပြောသည်။

အလားတူ ဇွန်လတွင် Visayan ပင်လယ်တွင် အချင်းချင်း ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်သည့် ပင်လယ်ရေကြောင်းလုပ်ဆောင်ချက်တခု ဆောင်ရွက်ရန် ဖိလစ်ပိုင်က ဂျပန်နှင့် အမေရိကန်ကို ဖိတ်ကြားထားကြောင်း South China Morning Post သတင်းတပုဒ်တွင် ဖော်ပြသည်။ ဖိလစ်ပိုင်တွင် တည်ရှိသည့် Visayan ပင်လယ်သည် ပစိဖိတ်သမုဒ္ဒရာ၏ တစိတ်တဒေသဖြစ်သည်။ အဆိုပြုထားသည့် ပူးတွဲ လေ့ကျင့်မှုက ရှာဖွေမှုနှင့် ကယ်ဆယ်ရေးကဲ့သို့ လုပ်ငန်းများတွင် အချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုအပေါ် အာရုံစိုက်မည် ဖြစ်သည်ဟု ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် အာမန်း ဘယ်လီလို ၏ ပြောကြားမှုကို ကိုးကားပြီး This Week in Asia က ဖော်ပြသည်။

အဆိုပါ လုပ်ဆောင်ချက်များ ကြေညာမှုက သိသာထင်ရှားစွာဖြင့်ပင် တရုတ်ကို ခံပြင်းစေခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ကို ဆန့်ကျင်သည့် ထုတ်ပြန်ချက်တရပ်ကို ထုတ်ပြန်သည်။ “သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အုပ်စုဖွဲ့နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်ချက်ကို တရုတ်အနေနဲ့ အခိုင်အမာ ဆန့်ကျင်တယ်။ တင်းမာမှုတွေကို မြင့်တက်အောင် လှုံ့ဆော်နှိုးဆွတဲ့ လုပ်ဆောင်ချက်တွေ၊ အခြားနိုင်ငံတွေရဲ့ မဟာဗျူဟာ လုံခြုံရေးနဲ့ အကျိုးတရားတွေကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို မိမိတို့ ခိုင်မာစွာ ဆန့်ကျင်တယ်။ ဒေသမှာ သီးသန့်အုပ်စုတွေ ဖွဲ့တဲ့အပေါ် မိမိတို့ အလေးအနက် ဆန့်ကျင်တယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသည်။