မကွေးရှိယာဉ်လိုင်းပိုင်ရှင်များထံ ကုန်ကားအစီး ၄၀ စစ်ကောင်စီတောင်းခံ၊ ယာဥ်လိုင်းပိုင်ရှင်များ အခက်တွေ့

ပုံဟောင်း - ဆန်အိတ်တင်ကုန်တင်ယာဥ်များ၊ စစ်ကောင်စီ၏လူ/ကယ်/ပြန်ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ

ပုံဟောင်း – ဆန်အိတ်တင်ကုန်တင်ယာဥ်များ၊ စစ်ကောင်စီ၏လူ/ကယ်/ပြန်ဝန်ကြီးဌာနဝက်ဘ်ဆိုက်မှ

ဓါတု (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ် အမ်းမြို့သို့ ကုန်ပစ္စည်းပို့ဆောင်ရန်အတွက်ဟုဆိုကာ မကွေးတိုင်းရှိ စစ်ကောင်စီလက်ခံများက ကုန်တင်ယာဉ်အစီး ၄၀ ပေးရမည်ဟု ဖိအားပေးတောင်းခံနေသည့်အတွက် ယာဉ်လိုင်းပိုင်ရှင်များ အခက်တွေ့နေရသည်ဟု သိရသည်။

“ဒီနေ့ မကွေးကားကြီးကွင်းကို ၁၂ ဘီးကားတွေပို့ရမယ်လို့ အစည်းဝေးမှာပြောတယ်။ ကားမပေးနိုင်တဲ့ယာဥ်လိုင်းတွေကို ပြေးဆွဲခွင့်ပိတ်မယ်။ လိုင်စင်လည်းသိမ်းမယ် ။လူကိုလည်းတရားစွဲမယ်ဆိုလို့ တချို့ကုန်တင်ယာဥ်မရှိတဲ့ကားတွေ သိန်း ၅၀ ၊ ဒရိုင်ဘာကို ၁၅ သိန်းနဲ့ပေါ့။ အဲ့ဒီ ၆၅ သိန်းကို အိတ်စိုက်ပြီး အသည်းအသန်လိုက်ငှားနေရတယ်။ ဒါတောင်ငှားမရဘူး။ တချို့က အဲ့ဒီဘက်က တိုက်ပွဲဖြစ်နေတော့ မလိုက်ချင်ကြတာရှိတယ်လေ။ ပြီးတော့ ကားနဲ့လူတခုခုဖြစ်ရင် အာမခံချက်ပေး၊မပေးဆိုတာလည်း မပြောဘူး”ဟု မကွေးမြို့ယာဥ်လိုင်းပိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။

ကားပေးပို့ရန် တာဝန်ယူရမည့် ယာဥ်လိုင်းပိုင်ရှင်အသီးသီးအနေဖြင့် ယနေ့ ဧပြီလ ၂၈ ရက်တွင် မကွေးမြို့သို့ ပို့ဆောင်ရမည်ဖြစ်သော်လည်း ယနေ့ညနေပိုင်း အချိန်ထိ ကားငှားမရသေးသည့် အခက်အခဲများဖြင့် ကြုံနေရသည်ဟုဆိုသည်။

အမ်းမြို့သို့စားနပ်ရိက္ခာကုန်ပစ္စည်းများ တဆင့်ပေးပို့ရန် မကွေးတိုင်းရှိ ယာဥ်လိုင်းပိုင်ရှင်များမှ ယာဉ်အစီး ၄၀ အပြင် ယာဥ်မောင်းနှင့် ယာဥ်အကူများပါ ပေးရမည်ဖြစ်ပြီး မပေးပါက ယာဥ်ပြေးဆွဲခွင့်နှင့် လိုင်စင်ပိတ်သိမ်းခွင့် အပါအဝင် အကြမ်းဖက်ဥပဒေဖြင့် အရေးယူခံရမည်ဟု ပြောထားကြောင်း ယာဥ်လိုင်းပိုင်ရှင်များထံက သိရသည်။

ကုန်တင်ယာဥ်မရှိသည့် ခရီးသွားယာဥ်လိုင်းဂိတ်ပိုင်ရှင်များအနေဖြင့် ကားငှားပေးရန် အခက်ကြုံနေရသည်ဟု မကွေးမြို့ယာဥ်လိုင်းပိုင်ရှင်တဦးက မဇ္စျိမကို ပြောသည်။

ထိုသို့ငှားရမ်းရာတွင် ခြောက်ဘီးနှင့် ၁၂ ဘီးကားများ တစီးလျှင် စားသောက်ကုန်ခြောက်အိတ် ၂၅၀ တင်ရမည်ဖြစ်ပြီး ဆန်အိတ်တအိတ်လျှင် သယ်ခ ၅,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တစီးလျှင် ၁,၂၅၀,၀၀၀ ကျပ် ငှားရမ်းခသဘောဖြင့် စစ်ကောင်စီလက်အောက်ခံ တိုင်းအစိုးရက ပေးမည်ဟု ဆိုသည်။

သို့သော်လည်း ဆီဖိုး၊ယာဥ်မောင်း၊ယာဥ်အကူငှားရမ်းခများ မပါသည့်အတွက် အရှူံးခံငှားပေးရမည်ဖြစ်သည်ဟု ယာဉ်ပိုင်းရှင်များထံက သိရသည်။

မကွေးတိုင်းအစိုးရအနေဖြင့် ယင်းကုန်တင်ယာဥ်များ ငှားရသည့်အကြောင်းရင်းမှာ ရန်ကုန်မြို့မှဆန်၊စားဆီ၊ကြက်သွန်၊ငရုတ်ခြောက်များ သယ်ဆောင်လာမည့်တွဲကား အစီး ၂၀ စာကိုမကွေးတိုင်း မင်းဘူးမြို့သို့ ကုန်ချမည်ဖြစ်သဖြင့် ထိုမှတဆင့် အမ်းမြို့သို့ သယ်ဆောင်ရန် ယာဥ်လိုင်းဂိတ်ပိုင်ရှင်များအား ဧပြီလ ၂၆ ရက်တွင်အစည်းအဝေးခေါ်ယူ ပြောဆိုခဲ့ကြောင်း အစည်းဝေးတွင်တက်ရောက်ခဲ့သည့် ယာဥ်လိုင်းပိုင်ရှင်တဦးက မဇ္စျိမကိုပြောသည်။

“အမ်းမှာစားနပ်ရိက္ခာပြတ်တဲ့အတွက် အမ်းကိုထောက်ပံ့ဖို့ စာနာစွာနဲ့ပေးပို့ရမယ်ပေါ့။ကားခပေးမယ်လို့တော့ပြောတယ်။ ကားနဲ့ယာဥ်မောင်း၊စပယ်ယာတော့ထည့်ပေးရမယ် ဒါပေမယ့် သူတို့လမ်းကြောင်းနဲ့သွားမယ်။အမ်းကျသွားရင် မင်းဘူးနဲ့မကွေးကို AA ကသိမ်းပိုက်လာနိုင်ချေရှိတယ်ပေါ့။တကယ်လို့ ကားမှမပေးရင် တဖက်ကိုအားပေးရာရောက်လို့အကြမ်းဖက်ဥပဒေနဲ့တရားစွဲမယ်လို့အကြပ်ကိုင်တယ်”ဟု၎င်းကဆိုသည်။

အဆိုပါအစည်းအဝေးမပြုလုပ်ခင် မကြာသေးခင်က ယာဥ်လိုင်းပိုင်ရှင်များကို မကွေးတိုင်းရှိ မယက(မြို့တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ)နှင့် ခယက(ခရိုင်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ)ရုံးများတွင်ခေါ်ယူပြောဆိုခဲ့သည်ဟုဆိုသည်။

ထို့နောက် ထပ်မံခေါ်ဆိုမှုအရ ဧပြီလ ၂၆ ရက်တွင် မကွေးတိုင်းအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ဝန်ကြီးတဦး၊မထသ၊မယက၊ခရိုင်ရဲမှူးနှင့် ယာဥ်လိုင်းပိုင်ရှင်များ တက်ရောက်ခဲ့ရကြောင်း သိရသည်။

“အမ်း-မကွေးကားလမ်းတွေ AA ဂိတ်ရှိတဲ့နေရာတွေက ဖြတ်သွားခွင့်ပိတ်ထားတော့ ဒီကားတွေကို စစ်ကောင်စီက ဒိုင်းကာသဘောလုပ်ချင်တာ။ အရင်ကဆို ဆန်ကားတွေသယ်တာ။ အဲ့ဒီဆန်ကားခြောက်စီးဆို အမ်းထောက်ပို့တပ်(စစ်ကောင်စီ)ထဲဝင်သွားတာတွေ့တယ်၊လက်နက်ခဲယမ်းတွေရော သယ်နိုင်တာပေါ့”ဟု အမ်းမြို့ဒေသခံတဦးက ပြောသည်။

မကြာသေးခင်ကာလတွင် အမ်းမြို့တွင်စားနပ်ရိက္ခာပြတ်တောက်နေပြီဟု စစ်ကောင်စီမှဝါဒဖြန့်ထားသော်လည်း လမ်းကြောင်းအဖက်ဖက်မှ ဝင်နေသည့်အတွက် လုံးဝပြတ်တောက်သွားသည့် အနေအထားမျိုး မရှိသေးကြောင်းအမ်းမြို့ခံများက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ အမ်းမြို့နှင့် မကွေးတိုင်းသို့ ဆက်သွယ်ထားသည့် ကားလမ်းများတွင် စစ်ကောင်စီက စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ပြောင်းရွှေ့ခြင်း၊ ရိက္ခာနှင့်စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းတလျှောက် မြေမြုပ်မိုင်းထောင်ထားခြင်းများရှိသဖြင့် အဓိကကျသည့် အမ်း -ပဒါန်းလမ်းအား ဖြတ်သန်းသွားလာခွင့် မပြုကြောင်း အာရက္ခတပ်တော်(AA) က ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ