ကန်ပက်လက်တွင် လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၁ ဦး သေ ၊၂ ဦး ဒဏ်ရာရ

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ တဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ (ဧပြီလ ၂၈ရက် ) တွင် ထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်ရှိ လွန်ဒုံကျေးရွာကို ဧပြီလ၂၈ရက် မွန်းလွဲ၁နာရီ ၃၀မိနစ်အချိန် တွင် စစ်ကောင်စီတပ်က လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာမရှိဘူး ။ အဲဒီနေရာမှာ ကျနော်တို့ နေရာယူ တပ်ချထားတာလည်း မရှိဘူး။အကြောင်းမဲ့ သက်သက် ပစ်သွားတာ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တပ်မဟာမှူး ဆလိုင်းထွန်းလိန်း က မဇ္စျိမကိုပြောသည်။

လွန်ဒုံကျေးရွာအတွင်း၌ တကြိမ်နှင့် ရွာအပြင်တွင် နှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး အသက်၆၈နှစ် အရွယ် ဦးမနားထင် ခြေထောက်နှစ်ဖက် ပြတ်ကာသေဆုံးခဲ့ပြီး အသက် ၄၅နှစ်နှင့် ၁၈နှစ်အရွယ်အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့သည် ဟုဆိုသည်။

၎င်းအပြင် လက်ရှိအသုံးပြုနိုင်ခြင်းမရှိသည့် ဆေးပေးခန်းနှင့် လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးရှုံးနိမ့်နေသောကြောင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ် ထားတိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မပေါ့ဆကြဘဲ ဗုံးဒဏ်ခံနိုင်မည့် ပုန်းခိုကျင်း ၊ ကတုတ်ကျင်းများတွင် နေထိုင်နိုင်ရေး ကြိုးစားပေးပါရန် ဆလိုင်း ထွန်းလိန်းက ဆက်ပြောသည်။

လွန်ဒုံကျေးရွာသည် အိမ်ခြေ ၃၀ကျော်ခန့်ရှိသည့် ကျေးရွာငယ်ဖြစ်ပြီး စစ်ဖြစ်ပွား ခြင်းမရှိသည့် နေရာဒေသများမှ အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်း တိုက်ခိုက်ခြင်းများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

ကန်ပက်လက်မြို့နယ်အတွင်း ဧပြီလ ၃ရက်နေ့က ဖျန်ချောင်းကျေးရွာတွင် တကြိမ် ၊ ဧပြီလ ၁၇ရက်နေ့၌ အုန်ကျေးရွာ ၊ လွီးစုံကျေးရွာနှင့် ကောက်ဆောင်းကျေးရွာများ တွင် တကြိမ်စီ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်များတွင် စစ်ကောင်စီတပ်က စာသင်ကျောင်း ၊ ဆေးပေး ခန်း စသည့် နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ယင်းနေရာများမှ ကြိုတင်တိမ်းရှောင်ခြင်း ၊ ဗုံးခိုကျင်းများတူးခြင်း ၊ လေကြောင်း အန္တရာယ်ကာကွယ်ခြင်းများကို ကြိုတင်ဆောင်ရွက်ထားနိုင်ပါရန်နှင့် အချိန်နှင့် တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းများပြုလုပ်နိုင်ပါရန် ကန်ပက်လက် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်ထားသည်။

ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်ကို ချင်းကာကွယ်ရေးအဖွဲ့ (ကန်ပက်လက်) ပါဝင်သော ချင်းညီနောင်အဖွဲ့တို့မှတိုက်ခိုက်လျက်ရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်းသိရသည်။

ဧပြီလ ၂၅ရက် ညပိုင်းက ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံး လေးလုံးအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ တက်ရောက် ကုသနေသည့် လူနာ ငါးဦးသေဆုံးပြီး ၃၀ခန့် ဒဏ်ရာရရှိကာ ဆေးရုံအဆောက်အဦး အပါအဝင် ကျပ်သိန်း ၁၀,၀၀၀ ဝန်းကျင်ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး