မာနယ်ပလောဒေသရှိ ဖူးလော့စစ်ဆင်ရေးခြေကုပ်စခန်း စစ်ကောင်စီတပ်စွန့်ခွာ

ပုံအညွှန်း- စစ်ကောင်စီ စွန့်ခွာသွားသည့် ဖူးလော့စခန်းတနေရာ၌ KNLA ရဲဘော်များ ရိုက်ကူးထားသည့် ဓါတ်ပုံမှတ်တမ်း (ဓါတ်ပုံ- KNLA သတင်းရင်းမြစ်)

ပုံအညွှန်း- စစ်ကောင်စီ စွန့်ခွာသွားသည့် ဖူးလော့စခန်းတနေရာ၌ KNLA ရဲဘော်များ ရိုက်ကူးထားသည့် ဓါတ်ပုံမှတ်တမ်း (ဓါတ်ပုံ- KNLA သတင်းရင်းမြစ်)

YT

(မဇ္ဈိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၇)နယ်မြေ၊ ဘားအံခရိုင်၊ မာနယ်ပလောဒေသရှိ ခြေကုပ်စခန်းတခုကို စစ်ကောင်စီတပ်ဖွဲ့က စွန့်ခွာသွားကြောင်း တပ်မဟာ (၇) သတင်းရင်းမြစ်များထံက သိရသည်။

ဖူးလော့စစ်ဆင်ရေး ခြေကုပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် ဧပြီလ ၂၃ ရက်နေ့တွင် စခန်းကို စွန့်ခွာသွားကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီတပ်သားများ စွန့်ခွာသွားပြီးနောက် KNLA ရဲဘော်များက ဖူးလော့စစ်ဆင်ရေးခြေကုပ်စခန်းနေရာကို ဝင်ရောက်၍ နယ်မြေရှင်းလင်းကာ စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရင်းမြစ်၏ ပြောကြားချက်နှင့် မဇ္ဈိမသို့ ပေးပို့လာသည့် ဓါတ်ပုံမှတ်တမ်းအရ သိရသည်။

ဖူးလော့စခန်းကို စွန့်ခွာသွားသည့် စစ်ကောင်စီတပ်သားများသည် ၉၁၃ (နို့ဒေး) စခန်းသို့ ပြောင်းရွှေ့သွားကြကြောင်း KNU နယ်မြေတွင်း သတင်းများကို ဖော်ပြပေးနေသည့် Salween Press က ဧပြီလ ၂၅ ရက်နေ့တွင် ဖော်ပြထားသည်။

ဖူးလော့စစ်ဆင်ရေး ခြေကုပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ စွန့်သွားသည့် အခြေအနေအသေးစိတ်နှင့် ပတ်သက်၍ KNU တပ်မဟာ (၇) ဖားအံခရိုင်၊ သတင်းနှင့်ပြန်ကြားရေးထံ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပုံအညွှန်း- စစ်ကောင်စီ စွန့်ခွာသွားသည့် ဖူးလော့စခန်းတနေရာ၌ KNLA ရဲဘော်များ ရိုက်ကူးထားသည့် ဓါတ်ပုံမှတ်တမ်း (ဓါတ်ပုံ- KNLA သတင်းရင်းမြစ်)

ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် KNU တပ်မဟာ (၇) နယ်မြေ၊ မဲသဝေါအပေါ်ဘက်ရှိ စစ်ကောင်စီတပ်စခန်းများသို့ ဘူဒိုဇာကားများဖြင့် လမ်းပြင်ရန် ဟူသည့် အကြောင်းပြချက်ဖြင့် လာသည့် အင်အား ၂၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သားများနှင့် နယ်မြေအတွင်းရှိ KNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီတပ်သားတဦး လက်နက်အပြည့်အစုံဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားသည်ဟုလည်း သတင်းရင်းမြစ်က ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ