နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၂ မေ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုး

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် (၁) စစ်အခြေခံ သင်တန်း ဆင်းပွဲကို ယမန်နေ့က လွတ်မြောက် နယ်မြေ တနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ် ကျေးရွာတရွာ၌ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနက ဖျက်ဆီးသွားသည့် ထရန်စဖော်မာ နေရာတွင် NUG မှထောက်ပံ့သည့် ထရန်စဖော်မာ အသစ် အစားထိုးလဲလှယ်တပ်ဆင်ပြီး ဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း က၀မြို့နယ် ပြည်သူကာကွယ်‌ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းကို မေ ၅ ရက်နေ့တွင့် စတင်သင်ကြားပေးနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၂ရက်၌ အသိပေးထုတ် ပြန် လိုက်သည်။

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ မြို့သစ်မြို့ကို ကာကွယ်ရေးပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်လက်အောက်ခံရဲ ၂၁ဦး လက်နက်ချ အညံ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က မေလ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက မီးဖြတ်တောက်ထားသော ကျေးရွာပေါင်း ၃၈ ရွာအနက် ၁၄ရွာကို မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်) (ABSDF)၊ အမျိုးသမီးနှင့်လူငယ်ရေးရာအလုပ်အဖွဲ့က ပထမဆုံးအကြိမ် ဦးဆောင်စီစဉ်သည့် ဆေးဆိုးပန်းရိုက်သင်တန်း ဖွင့်ပွဲကို မေ ၁၂ရက်နေ့က ABSDF ဗဟိုဌာနချုပ်၊ ဒေါင်းတမန်စခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ် (စကခ-၁၂) လက်အောက်ခံ ခလရ -၂၃၀ မှ အလင်းဝင် တပ်သား ၃ ဦးအား ပြည်သူ့ပန်းတိုင်အဖွဲ့မှ ခေတ္တခိုလှုံရာကို ပြောင်း‌ရွှေ့ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အနောက်ခြမ်းရှိ လထုတ္တောကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုး၍ ဒေသခံ ၃၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ သေဆုံးသူများထဲတွင် ကြံ့ခိုင်ရေး ပါတီဝင် ၁၀ ဦး ပါဝင်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ်တွင် ကြေးနီများတင်ဆောင်လာသည့် ကားနှင့် စစ်ကောင်စီယာဥ် တန်းကို မိုင်းဆွဲ၍ လက်နက်ကြီး၊ငယ်များဖြင့် တိုက်ခိုက်ခဲ့ ကြောင်း Dog Killer People’s Defence Force – Myinmu (DK – MMU) က မေလ ၁၁ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ၁၁၁၃ရက် မြောက်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်မဲ့လှုပ်ရှားမှုများ၊ သပိတ်များပြုလုပ် လျက်ရှိသည့် ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)မှ အဖွဲ့ဝင်အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရပြီး နောက် ၎င်းတို့နှင့်ဆက်စပ်၍ ဖမ်းဆီးခံရသူများရှိလာကြောင်း အဆိုပါအဖွဲ့ဥက္ကဋ္ဌက ပြောသည်။

ကချင်ပြည်နယ်ရောက် စစ်ကောင်စီတပ်တွင်း ယမန်နေ့ညက အရာရှိအချင်းချင်း ပစ်ခတ်မှုဖြစ်ပွား ရာ အနည်းဆုံးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရှေ့တန်းစစ်မြေပြင်ကလာသော ကနဦး သတင်း အရသိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်မှုထမ်းရန်အတင်းအဓမ္မစာရင်းကောက်နေသည့် မဟာမြိုင် (၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာပျူစောထီးစခန်းသိမ်းတိုက်ပွဲအပြန် ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား ကြိုဆိုခဲ့ကြသည့် ဒေသခံမျာ၏ အမည်စာရင်းများနှင့်အတူ စစ်အုပ်စု ဘက်က ဖော်ပြပြီး အသက်အန္တရာယ် ခြိမ်းခြောက်နေသည်။

ထိုင်းနိုင်ငံ ချွန်ပူရီတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲကို ” စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်​​ပြတ်ဖို့ PDF ကို ထောက်ပံ့စို့ ” ခေါင်းစဉ်နှင့် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ Free Burma Action Committee-Northern California က ဦးဆောင်၍ ၁၃၁ ကြိမ်မြောက် မြေပြင်လူထု သပိတ် တိုက်ပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဦးဆောင်ကာ မေလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

ကရင်နီပြည်နယ်၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့၊ ဗျူဟာ အမှတ် ၇ တွင် အမှတ် ၂၈ တပ်ရင်း (KNDF/B-28) တစ်ခုကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

တနင်္သာရီတိုင်း တနင်္သာရီ-ဘုတ်ပြင်းမြို့နယ်အစပ် အမှတ်(၈)လမ်းမကြီးဘေးရှိ စစ်ကောင်စီ၏ ၁၀၂၀ တောင်ကုန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၄) လက်အောက်ခံ အမှတ်(၁၁)တပ်ရင်းနှင့် ပူးပေါင်းအဖွဲ့များက ယမန်နေ့(မေလ ၁၁ ရက်)တွင် အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကျင်ဒွေး မြို့သိမ်းတိုက်ပွဲ တွင်ပါဝင်ခဲ့သော ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) မှ ​အောင်ပွဲရ ရဲဘော်များ မတူပီသို့ ပြန်လည်ရောက်ရှိလာပြီး ​ဒေသခံ ပြည်သူများ နှင့် ရဲဘော်များမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြ​သည်။​​

စစ်ကောင်စီ

ယောဒေသ၊ ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၅၀)တပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်၍ ကလေးငယ်အချို့အပါအဝင် အရပ်သားခြောက်ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးသည် အရေးပေါ်အခြေအနေဖြင့် ဆေးကုသမှုခံယူနေရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် တပ်ဖွဲ့က ၎င်းတို့တပ်တွင်း ရာထူးအပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ယခင်အဖွဲ့ခေါင်းဆောင်ဦးအောင်ခမ်းထီ၏ သားများကို စစ်ဘက်ရာထူးတိုးပေးခြင်း၊ အဖွဲ့စီးပွားရေးတာဝန်ခံကို ဒုစစ်ဦးစီးချုပ်ခန့်အပ်ခြင်းနှင့် PNO လော်ဘီအချို့ကို အရပ်ဘက်မှ စစ်ဘက်ရာထူးပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် အခွန်လျှော့ပေါ့စေရန် ရည်ရွယ်၍ စာရင်းများအား လိမ်လည်ပြုစုတင်ပြလာကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန က ကြေညာသည်။

နယ်မြေခံတပ် များအနေဖြင့်လည်း နယ်မြေဒေသလုံခြုံရေး၊ နယ်မြေစိုးမိုးရေး လုပ်ငန်း များကို ကြိုတင်မျှော်တွေး၍ ဆောင်ရွက်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ အရာရှိ၊စစ်သည်များကို မှာကြားကြောင်း ထုတ်ပြန်သည်။

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုက တရုတ်နိုင်သားများပါသည့် လောင်း ကစား ဝိုင်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က ၀င်ရောက်ရှာဖွေခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တိုင်းနှင့် ပြည်နယ်များတွင် အမှတ်စဉ် ၂ စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်နေပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန်ချိရေးက ထုတ်ပြန်သည်။

မေ ၁၂ ရက် သုံးသပ်ချက်

လူပြုန်းတီးနေသည့် စစ်တပ်သည် လူသစ်စုဆောင်းရာအတွင် နည်းမျိုးစုံညစ်လုံးမျိုးစုံသုံး၍ အင်အား သစ်စုဆောင်နေရသော်လည်း တော်လှန်ရေးအင်အားစုများဘက်တွင်တော့ လူငယ်များ ပါဝင် နေမှု များပြားနေ၍ တပ်ရင်းသစ်များ တခုပြီးတခုဖွဲ့နေရသည်ကို ကြည့်၍ အာဏာသိမ်း စစ်ကောင်စီသည် လက်ထဲက သေနတ်သာ အာဏာရှိနေပြီး ပြည်သူလူထုကို လွှမ်းမိုးနိုင်စွမ်းမရှိတော့ သည်ကို တွေ့ ရသည်။ယင်းလက်ထဲက သေနတ်ပြုတ်ကျသည့်နေ့သည် စစ်အာဏာရှင်လူတစုနှင့် ၎င်းတို့ကို ထောက်ခံသည့် အစုအဖွဲ့များ အမြစ်ပြတ်ပျောက်ကွယ်သွားမည်ဖြစ်သည်၊။